ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူကို အခင်းဖြစ်နေရာမှာပင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံမြောက်ပိုင်း လူးဘက်မြို့မှာ ဘတ်စ်ကားတစ်စီးပေါ်ရှိ ခရီးသည်များအား ဓားကိုင်အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူတွေအနက် နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: AP





ဘတ်စ်ကားပေါ်မှာ ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူကို အခင်းဖြစ်နေရာမှာပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ လူးဘက် (Lübeck) မြို့ Kücknitz ရှိ ဘတ်စ်ကားမှတ်တိုင် ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က ပိတ်ပင်ထားခဲ့ပါတယ်။

Photo: picture alliance/dpa



"ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိနိုင်သေးပါဘူး၊ သေဆုံးမှုတော့ မရှိခဲ့ပါဘူး" လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဓားဖြင့်တိုက်ခိုက်ရတဲ့ အကြောင်းရင်ကိုလည်း ရှင်းလင်းစွာ မသိရသေးကြောင်းနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဘတ်စ်ကားပေါ်မှာ ဓားဖြင့်တိုက်ခိုက်မှုဟာ ယနေ့ (ဇူလိုင် ၂၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဒေသဆိုင် ရဲတပ်ဖွဲ့က Twitter မှာ ရေးသားထားပါတယ်။

Photo: EPA



ဒေသခံသတင်းစာ Luebecker Nachrichten ကတော့ ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ အသက် ၃၄ နှစ်အရွယ် အီရန်နိုင်ငံမှ အမျိုးသားဖြစ်ပြီး ယခုအခါ ဂျာမန်နိုင်ငံသား ဖြစ်နေသူလို့ဆိုပါတယ်။ ၎င်းဟာ လူးဘက်မြို့မှာ နှစ်အတန်ကြာ နေထိုင်လာခဲ့သူလည်း ဖြစ်တယ်လို့ အဆိုပါ သတင်းစာက ပြောပါတယ်။

အခင်းဖြစ်ပွားစဉ် ဘတ်စ်ကားပေါ်မှာ လူအပြည့်တင်ဆောင်ထားကြောင်းနဲ့ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြတဲ့ ခရီးသည်တွေကို ၎င်းတို့ထံ ဆက်သွယ်ကြရန် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

Photo: Daily Mail



မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဒေသခံ Lübecker Nachrichten သတင်းစာကို ပြောကြားမှုအရ ခရီးသည်တစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ထိုင်ခုံနေရာ ဖယ်ပေးလိုက်ပြီးချိန်မှာ ဓားကိုင်အမျိုးသားက ရင်ဘတ်ကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုအကြောင်းရင်းကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

ဂျာမနီနိုင်ငံမှာ လူသေဆုံးမှုများတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေသူ တူနီးရှားလူမျိုးတစ်ဦးက ဘာလင်မြို့ ခရစ်စမတ်ဈေးတန်းရှိ လူအုပ်အတွင်း ကားဖြင့်ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က