မန်ချက်စတာယူနိုက်တက်ကတော့ ရာယိုဗယ်လက်ကာနိုနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲကို ၁ ဂိုးစီသရေနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး တန်ဟက်ဂျ်ရဲ့ အိုးထရက်ဖို့ဒ်ပထမဆုံးပွဲက စိတ်မကျေနပ်စရာရလဒ်နဲ့သာ ပြီးဆုံးခဲ့ရပြီး အသင်းတိုက်စစ်မှူးရော်နယ်ဒိုရဲ့ အပြုအမူတွေကြောင့်လည်း ပိုပြီး စိတ်ရှုပ်စရာဖြစ်ခဲ့ရပါတယ်။
ရော်နယ်ဒိုက အသင်းအတွက် ဝင်ရောက်ကစားပေးခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို နည်းပြတန်ဟက်ဂျ်နဲ့လည်း အဆင်မပြေဟန်ရှိနေခဲ့ပါတယ်။ တန်ဟက်ဂျ်အတွက် စိတ်ဖြေသိမ့်နိုင်စရာကတော့ အသင်းဘယ်တောင်ပံမှာ ခြေစွမ်းပြကစားခဲ့တဲ့ အာဂျင်တိုင်းသားလေး ဂါနာချိုရဲ့ ခြေစွမ်းပါပဲ။ ဂါနာချိုက အသင်းအတွက် ပွဲထွက်ကစားခွင့်ရချိန်မှာ အားထားရမယ့် ခြေစွမ်းမျိုးပြခဲ့ပြီး ဗယ်လက်ကာနိုနောက်ခံလူတွေကို တော်တော်လေးအလုပ်ရှုပ်စေခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ခြေစွမ်းအပြနိုင်ဆုံးကစားသမားဖြစ်ခဲ့ပြီး ပရိသတ်တွေလည်း တော်တော်လေးကို သဘောကျခဲ့ကြပါတယ်။ အဆိုပါပွဲကစားနေချိန်နဲ့ ပွဲအပြီးမှာ ဂါနာချိုကို ချီးကျူးနေမှုတွေက တွစ်တာပေါ်မှာ တော်တော်လေးကို များပြားနေခဲ့ကာ အသင်းကြီးအတွက် သေချာပေါက်ကစားပေးရတော့မယ်လို့လည်း ထင်ကြေးပေးနေပြီဖြစ်ပါတယ်။
တန်ဟက်ဂျ်ကိုယ်တိုင်ကလည်း "သူ တော်တော်လေးကိုကောင်းကောင်းကြီးကစားနိုင်ခဲ့တယ်၊ သူက ဆယ်ကျော်သက်လေးပဲရှိသေးတယ်၊ ဒါပေမယ့် သူ့စွမ်းဆောင်ရည်ကတော့ တကယ်ကိုကောင်းတယ်ဗျာ၊ သူ့အတွက် ကျနော်အရမ်းကို ကျေနပ်ပျော်ရွှင်ရတယ်" လို့ ပြောဆိုခဲ့ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ရေးသားပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အသင်းကြီးအတွက် ပွဲစဉ်တချို့ ဂါနာချိုက ဝင်ကစားခွင့်ရခဲ့ပါသေးတယ်။ လူငယ်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပရိသတ်တွေ သတိထားမိခဲ့သလို မက်ဆီနဲ့ ရော်နယ်ဒိုတို့ကြား GOAT ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လူပိုသိခဲ့တဲ့ ဂါနာချိုက အခုတော့ ရင့်ကျက်တဲ့ကစားသမားတဦးဖြစ်လာဖို့ပါ တာစူနေပြီဖြစ်ပါတယ်။