ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဗီလာတို့ရဲ့ ကာရာဘောင်းဖလားပွဲမှာတော့ ယူနိုက်တက်က ၄-၂ နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ရှုံးကြွေးကို ချက်ချင်းပြန်ဆပ်နိုင်ခဲ့ပါတယ်။ အူနိုင်းအမ်မရီက သူ့ရဲ့ ဗီလာနည်းပြအဖွင့်ပွဲမှာ ယူနိုက်တက်ကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာ ယူနိူက်တက်နဲ့ပဲ ပြန်တွေ့ပြီး အရေးနိမ့်ခဲ့ရပါတယ်။
၂-၂ ဖြစ်တဲ့အထိ ဗီလာက လိုက်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂိုးတွေဆက်တိုက်ပေးခဲ့ရတာပါ။ ဒီအတွက် ချီးကျူးရမှာကတော့ ယူနိုက်တက်လူငယ်ကစားသမား ဂါနာချိုပါ။ မာရှယ်နေရာမှာ ပွဲချိန် ၆၂ မိနစ်မှာ သူက လူစားဝင်လာခဲ့ပြီးတော့ ခြေစွမ်းပြခဲ့တာပါ။ သူ လူစားဝင်လာပြီးနောက် ဗီလာခံစစ်ကို ကောင်းကောင်းအလုပ်ပေးခဲ့ပြီး ဂါနာချိုရဲ့ မွှေနှောက်ကစားပုံတွေကို သူတို့မထိန်း
နိုင်ခဲ့ဘဲ ဖိအားတွေများခဲ့ရပါတယ်။
ဂါနာချိုက ယူနိုက်တက်အတွက် ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး ၂ကြိမ်စလုံးက တကယ်ကောင်းပါတယ်။ ဖာနန်ဒက်စ်နဲ့ မက်တော်မီနေးတို့က အပိုင်ပိတ်သွင်းပြီး ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် ဂိုးတွေကို ရယူပေးခဲ့ပါတယ်။ ဂါနာချိုရဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးတာ၊ လိမ်ခေါက်ကျော်ဖြတ်တာ၊ ဖန်တီးပေးတာတွေအားလုံးက ချီးကျူးစရာကောင်းခဲ့ပါတယ်။ လူငယ်တွေကိူ ပျိုးထောင်ရာမှာ ထူးချွန်တဲ့ တန်ဟက်ဂျ်အတွက်လည်း ဂါနာချိုက အားတက်စရာပုံစံကို ပြခဲ့ပါတယ်။
ဗီလာက ဦးဆောင်ဂိုးသွင်းတယ်၊ မာရှယ်က ချေပတယ်၊ ဒါလော့က ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဗီလာက ထပ်ဦးဆောင်ပေမယ့် ရက်ရှ်ဖို့ဒ်က ချေပခဲ့တယ်။ ဒီနောက် ယူနိုက်တက်က အနိုင်ရဖို့အတွက် ညှစ်ကစားပြီး အနိုင်ဂိုးတွေ မရရအောင် အားထုတ်နိုင်ခဲ့ပါတယ်။ အဲရစ်ဆန်တို့တသိုက် ဝင်လာချိန်မှာ ဗီလာတောင့်မခံနိုင်တော့ပါဘူး။
ယူနိုက်တက်တို့ နောက်ထပ်ကံကောင်းတာကတော့ ကာရာဘောင်းဖလားနောက်တဆင့်မှာ မန်စီးတီးနဲ့လီဗာပူးလ်တို့ ထိပ်တိုက်တွေ့နေတာပါ။ တသင်းကတော့ ပြိုင်ပွဲကထွက်ရမှာဖြစ်ပြီး ယူနိုက်တက်က ဘန်လေနဲ့ ရင်ဆိုင်ရမှာပါ။ ဒီတော့ တန်ဟက်ဂျ်အတွက် ကာရာဘောင်းဖလားက မျှော်လင့်ချက်အားအကောင်းဆုံးဆုဖလားဖြစ်လာပါတယ်။