ယူနိုက်တက်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆမ်မြူရယ်လက်ဟာ့စ်က အသက် (၁၉) နှစ်အရွယ် အချက်အလက်တွေနဲ့ နှိုင်းယှဥ်လိုက်ရင် ဂါနာချိုက ရော်နယ်ဒိုထက် ပွဲထွက်ခွင့်မှာ ပိုမိုအသာရနေကြောင်း ရေးသားသုံးသပ်ခဲ့ပါတယ်။
အာဂျင်တီးနားသား ဂါနာချိုဟာ ဘောက်ဆင်းဒေးမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဗီလာပွဲမှာလည်း အသင်းအတွက် အဖိုးတန်ချေပဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့လမှာ အသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် ဂါနာချိုဟာ လက်ရှိမှာ ယူနိုက်တက်တိုက်စစ်ပိုင်းအတွက် အားကိုးရတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေပါပြီ။ ဒီအပေါ်မှာ လက်ဟာ့စ်က “ရော်နယ်ဒိုရဲ့ ခရီးရှည်ကြီးကလည်း သူ့အသက် (၁၉) နှစ်အရွယ်က ယူနိုက်တက်မှာ အစပြုခဲ့တာပါ။ သူ ပရီးမီးယားလိဂ် (၈) ပွဲမြောက်ကို ကစားချိန်မှာ အသက် (၂၀) ရှိပါပြီ”
“ဂါနာချိုကတော့ အဲ့ဒီအသက်အရွယ်မှာတင် ယူနိုက်တက်အတွက် နောက်ဆုံး (၁၃) ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီးဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂါနာချိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလရဲ့ ပရီးမီးယားလိဂ်တစ်လတာ အလှပဆုံး သွင်းဂိုးဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
ဂါနာချိုဟာ အဲဗာတန်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို နောက်ပြန်ကန်ချက်နဲ့တစ်ဆင့် လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာလည်း ယူနိုက်တက်တို့ အဲဗာတန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။