Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယူဆချက်ကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့က ခရစ္စတယ် ပဲလေ့စ်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့်လည်း အထင်ကြီးဖွယ် ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ပြသနေခဲ့တဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ချီးကျူးခြင်းခံခဲ့ရတဲ့ ကာစီမီရိုက အန်ဒရီ မာရီနာရဲ့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရသွားရမှာဖြစ်ပြီး အသက် ၃၀ အရွယ် ဘရာဇီးလ်ကွင်းလယ်လူဟာ နှစ်ဖက်အသင်းကစားသမားတွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဝီလ် ဟုချ်ရဲ့လည်ပင်းကို လက်နဲ့ ဆုပ်ကိုင်ထားခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ကာစီမီရိုကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆုံးရှုံးခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ဒုတိယနေရာက မန်စီးတီးတို့နဲ့ အကွာအဝေးကို နီးစပ်အောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာစီးတီးနဲ့ ၃ မှတ်အကွာ၊ တစ်ပွဲလျော့နေတဲ့ အာဆင်နယ်နဲ့ ၈ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းရော အာတီတာရဲ့အသင်းပါ ယခုအပတ်မှာ ရမှတ်လျော့ကျခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီ နဗီးက မန်ချက်စတာယူနိုက်တက်က ခရစ်ရှန် အဲရစ်ဆင်ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရလို့ ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ယခုရာသီမှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို အနိုရရှိသွားနိုင်တယ်ဆိုတာက ရယ်စရာကောင်းတဲ့ ယူဆချက်မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် အခွင့်အရေးရှိနေပြီလား။ ကြည့်လိုက်။ မန်ချက်စတာယူနိုက်တက်က ဇယားထိပ်ဆုံးကို ရောက်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ သူတို့တွေ အဖျားရှူးသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက အဲဒီအနေအထားကို မရောက်သေးဘဲ ခရစ်ရှန် အဲရစ်ဆင်ရဲ့ဒဏ်ရာက နာကျင်ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေ တကယ်ကောင်းကောင်း လုပ်နေပြီး သူတို့တွေ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပါတယ်"
"သူတို့တွေက ပျော်ရွှင်နေတဲ့ပုံလည်း ပေါ်ပြီး အဲဒါက တကယ်ကို ကြီးမားတဲ့အရာပါ။ ခင်ဗျား အဲဒါကို လိုအပ်တယ်။ အဲဒီရှုထောင့်ကနေကြည့်ရမယ်ဆိုရင် ယူနိုက်တက်က ကောင်းကောင်းလုပ်နေပါတယ်။ သူတို့တွေ ဆုဖလားအနိုင်ရရှိသွားနိုင်တယ်လို့ ပြောရင် ရယ်စရာကောင်းမှာမဟုတ်ပါဘူး။ သူတို့တွေ ဖလားရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် သူတို့တွေ ဒီရာသီမှာ ဖလားရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို ပြောဖို့အတွက် နည်းနည်းစောသေးလို့ပါ။ ဒါပေမယ့် ကျွန်တော်သာ မန်စီးတီးဆိုရင်တော့ စိုးရိမ်ပူပင်နေမှာပါ။ ပရိသတ်တွေကလည်း သူတို့ကစားနေတဲ့ပုံစံနဲ့ပတ်သက်ပြီး စပြီး စိုးရိမ်လာပြီ။ ပက် ဂွါဒီယိုလာ ကစားနေတဲ့ပုံစံက အသင်းနဲ့ အဆင်မပြေဘူးဖြစ်နေတယ်။ ယူနိုက်တက်က ပျော်ရွှင်နေတဲ့အစုအဖွဲ့ဖြစ်နေပြီး စီးတီးက နည်းနည်းစိတ်ညစ်နေပါတယ်။ သူတို့တွေ အဲဒီကနေ ရုန်းထွက်ဖို့ လိုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။