ဆာကာရဲ့ပင်နယ်တီလွဲချော်မှုက ဂန်းနားတို့အတွက် ကံဆိုးမိုးမှောင်ကျမှုဖြစ်ခဲ့တာပါ။

ယနေည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ၂-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

အိမ်ရှင်ဝက်စ်ဟမ်းဟာ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အာဆင်နယ်အသင်းကလည်း ဆာလီဘာကလွဲပြီး ပထမအသင်းကစားသမားတွေအပြည့်နဲ့ လန်ဒန်ကွင်းကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

 

ပထမပိုင်း စတင်ပြီး ၇ မိနစ်မှာပဲ ဂါဘရီယဲလ် ဂျေဆူးစ်က ဘန် ဝှိုက် ချိုးပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိ ပိတ်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

 

နောက်ထပ် ၃ မိနစ်အကြာမှာပဲ မာတင် အော်ဒီဂွါဒ်က မာတီနယ်လီရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို လူကပ်မခံထားရတာကြောင့် မြေမကျ ကန်သွင်းမှုနဲ့အတူ ဖေဘီယန်းစကီးရဲ့ ပေါင်ကြားထဲကနေ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

၃၂ မိနစ်မှာ လူးကပ်စ် ပါကယ်တာကို ဂါဘရီယဲလ်က လှဲချခဲ့တဲ့အတွက် ဒိုင်လူကြီးက ပင်နယ်တီ စက်ဝိုင်းကို ညွှန်ပြခဲ့ပြီး ဘန်ရာမာက ဂိုးညာဘက်အောက်ထောင့်ကို အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။

 

ဝက်စ်ဟမ်းအသင်းဟာ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းဘက်ကို အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ချိန်မှာ ပထမပိုင်းပြီးဆုံးသွားတာကြောင့် အိမ်ရှင်တို့ မချင့်မရဲဖြစ်ခဲ့ရပါတယ်။

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆ မိနစ်အကြာမှာပဲ VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် အန်တိုနီယို လက်ထိခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက အာဆင်နယ်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ ဂျေဆူးစ်က ဆာကာကို ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

 

ဆာကာရဲ့ ဂိုးဘယ်ဖက်ထောင့်ကို ကန်သွင်းမှုဟာ ဝိုက်ထွက်ပြီး လွဲချော်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် နစ်နာမှုကြီးဖြစ်ခဲ့ပြီး နောက်ထပ် ၂ မိနစ်အကြာမှာ ဒီလွဲချော်မှုက ဂန်းနားတွေအတွက် ထင်ထားတာထက် ပေးဆပ်ရမှုကြီးမားခဲ့တယ်ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။

 

၅၄ မိနစ်မှာ ဘိုဝင်က ခယ်ဟာရဲ့ခုတ်တင်ပေးပို့မှုကို လူကျွံအနေအထားမဖြစ်အောင် အချိန်ကိုက် ပြေးထွက်ပြီးနောက် မြေမကျဘောကန်သွင်းပြီး ဝက်စ်ဟမ်းအသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

 


လက်ကျန်ပွဲကစားချိန်မှာ နှစ်ဖက်စလုံးက အနိုင်ဂိုး ရရှိဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပေမယ့်လည်း ဂိုးသွင်းနိုင်ဖို့အတွက် လုံလောက်ခဲ့ခြင်းမရှိတာကြောင့် ၂-၂ နဲ့သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က