မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ယနေ့ည အာဆင်နယ်နဲ့ယှဉ်ပြိုင်ကစားမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် အာလင်း ဟာလန်းရဲ့ ဒဏ်ရာအခြေအနေကို သတင်းပေးခဲ့ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ အက်စတန် ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ပထမပိုင်းအတွင်း ပေါင်ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ပွဲစဉ်အစောပိုင်းကာလတွင်း ဟာလန်းဟာ မာရက်ဇ်ကို ပင်နယ်တီကနေ တတိယမြောက် ဦးဆောင်ဂိုး သွင်းယူခွင့်မပေးခင် ဒုတိယမြောက် ဦးဆောင်ဂိုးကို ဂန်ဒိုဝမ် သွင်းယူနိုင်အောင် လှလှပပဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အိုလီ ဝက်ကင်စ်က ဒုတိယပိုင်းမှာ အက်စတန် ဗီလာအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၃ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေဟာ တနင်္လာနေ့မှာ ဟာလန်း လေ့ကျင့်ရေး ပြန်ဆင်းတာကို မြင်တွေ့ခဲ့ရပြီးနောက် စိတ်သက်သာရာ ရခဲ့ပေမယ့်လည်း ဂွါဒီယိုလာက ပွဲထွက်လူစာရင်းကို အင်္ဂါနေ့အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ ဒီညနေမှာ လေ့ကျင့်မယ်။ အခုအချိန်မှာ ကျွန်တော် မသိသေးဘူး။ မနေ့က အက်စတန် ဗီလာနဲ့ပွဲစဉ်ကနေ အနားပြန်ယူကြတယ်။ ဒါပဲ"လို့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူလီယန် အယ်လ်ဗာရက်ဇ်က အက်စတန် ဗီလာနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဟာလန်းရဲ့နေရာမှာ အစားဝင်ကစားပေးခဲ့ပြီး နော်ဝေတိုက်စစ်မှူးသာ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင် ကမ္ဘာ့ဖလားချန်ပီယံအနေနဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ ဆုဖလားပြိုင်ပွဲအဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပွဲစဉ်အတွက် ကြယ်ပွင့်ကစားသမားရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့အတွက် အခွင့်အရေးရှိသလောက် ပေးသွားမယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။