မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ တနင်္ဂနွေနေ့ညမှာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဓိကကျတဲ့ အပြောင်းအလဲတွေ မပြုလုပ်ဘူးဆိုရင် ဆုဖလားတွေ ရရှိမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်တုန်းက နည်းပြ မော်ရင်ညိုလက်ထက်မှာ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ဖလားတစ်လုံးမှ ရရှိခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အချို့ကတော့ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ တစ်ကြိုပေးခဲ့ကြပေမယ့်လည်း အမ်းမရိတ်စ်က ရှုံးပွဲကြောင့် လက်ရှိမှာ တန်ဟက်ရဲ့အသင်းဟာ တစ်ပွဲလျော့နေတဲ့ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်း၊ အက်ဖ်အေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ယခုရာသီမှာ ၎င်းတို့ရဲ့ ဆုဖလား ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ရက်ဒင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း တန်ဟက်ရဲ့ အသင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမ်းမရိတ်စ်က ပွဲစဉ်အပြီးမှာ တန်ဟက်က "လာမယ့် နာရီပိုင်းတော်တော်များများမှာ ကျွန်တော်တို့က ကောင်းမွန်တဲ့နေရာမှာရှိနေတယ်ဆိုတာကို သိသွားမယ့်၊ ကောင်းမွန်တဲ့ တိုးတက်မှုတွေ၊ ကောင်းမွန်တဲ့လုပ်ငန်းစဉ်တွေထဲမှာ ရှိနေတယ်ဆိုတာကို သိသွားမယ့်အချိန် ရောက်လာမှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်နေပြီး ကျွန်တော်ကစားသမားတွေကိုလည်း ဖလားရချင်ရင် စိတ်ဓာတ်ပိုင်းကို ပြင်ရမယ်။ ထိပ်တန်းပွဲစဉ်မှာ အမှားကြီး ၃ ခု ကျူးလွန်ခဲ့တာမျိုး ဖြစ်လို့ မရနိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်"
"ပြီးတော့ အထူးသဖြင့် နောက်ဆုံးဂိုးမှာပါ။ ခင်ဗျား ပွဲကို ခံစားရမယ်။ အဲဒီအချိန်မှာ သရေ ၁ မှတ်က အများဆုံးဖြစ်နေခဲ့တယ်။ အဲဒီတော့ ခင်ဗျား ၁ မှတ်ကို ရယူရမှာဖြစ်ပြီး ကျွန်ောတ်တို့ ပေးခဲ့သလိုမျိုး ဒီလိုမျိုး ဂိုးပေးလိုက်လို့ မရနိုင်ဘူး။ ထိပ်တန်းအဆင့်မှာ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဂိုးတွေမျိုးနဲ့ဆိုရင် ခင်ဗျား ဖလား မရနိုင်ဘူး။ ၂ ကြိမ်က ထောင့်ကန်ဘောကနေ စတင်ပြီးတော့ ကျွန်တော်တို့ အမှားလုပ်ခဲ့တာ သိသာပါတယ်။ ကျွန်တော်တို့ စည်းကမ်းလိုက်နာမှုကို မပြသနိုင်ခဲ့ဘူး။ ပြီးတော့ ခင်ဗျား ဂိုးတွေ ခွင့်ပြုခဲ့ရတယ်"လို့ ပြောကြားခဲ့ပါတယ်။