ရီယို ဖာဒိနန်က အာဆင်နယ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် ကာစီမီရိုရဲ့နေရာ တန်ဟက် ဘယ်လို အစားထိုးမလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပြီး ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ ကွင်းလယ်မှာ ပွဲထွက်လာခဲ့ရင် တော်တော်လေး အံ့အားသင့်တုန်လှုပ်မိမယ်လို့ ပြောကြားခဲ့ပါတယ်။
ကာစီမီရိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမားတွေထဲကတစ်ဦးအဖြစ် လျင်လျင်မြန်မြန်ပဲ သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ရာသီအစကနေ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်စေဖို့အတွက် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့ အမ်းမရိတ်စ်က ပွဲစဉ်ဟာ ဂန်းနားတွေရဲ့ အမှတ်ဖြတ်ဦးဆောင်နေမှုကို လျှော့ချနိုင်မယ့် အခွင့်အရေးကောင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တန်ဟက်ဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ အဝါကတ် ၅ ကတ်ပြည့်မြောက်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ကာစီမီရို မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကစားသမား မပါဝင်နိုင်ချိန်မှာ မက်တော်မီနေးကို ဖရက်ဒ်နဲ့အတူ ကွင်းလယ်မှာ ကစားစေဖို့က ဖြစ်နိုင်ခြေအရှိဆုံး အခင်းအကျင်းတစ်ခုဖြစ်ပုံပေါ်နေတာ ဖြစ်ပေမယ့်လည်း ဖာဒိနန်က တန်ဟက်သာ အရင်တုန်းကတည်းက ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ကွင်းလယ်အတွဲကို ပြန်သုံးရင် အံ့အားသင့်မိလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအစား တန်ဟက်အနေနဲ့ လီဆန်ဒရို မာတီနက်ဇ်ကို ကွင်းလယ်မှာ ကစားစေပြီး ဗဟိုခံစစ်မှာ လုခ် ရှောကို ဆက်လက် ကစားစေလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားက မျှော်မှန်းထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအတွက် ပါဝင်ကစားပေးခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာ အိုင်းယက်စ်ကို စရောက်ရောက်ချင်းမှာ ကွင်းလယ်မှာ ကစားပေးခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ခံစစ်ကို ပြောင်းလဲကစားခဲ့တာ ဖြစ်ပါတယ်။
"ကာစီမီရိုက ဒီအပတ် အာဆင်နယ်နဲ့ပွဲစဉ်မှာ ကြီးမားတဲ့လွဲချော်မှုဖြစ်လိမ့်မယ်ဆိုတာတော့ သေချာတယ်။ သူက ရောက်လာတဲ့အချိန်ကတည်းက အရမ်းကောင်းမွန်နေခဲ့ပေမယ့် ယူနိုက်တက်က ဒီရာသီအစောပိုင်းမှာ သူ မပါဘဲ အာဆင်နယ်ကို အနိုင်ယူခဲ့တာပါ။ အဲဒီတော့ အရမ်းလည်း စိတ်ပျက်စရာတော့မဟုတ်ပါဘူး။ သူ မပါဝင်နိုင်တာကြောင့် တန်ဟက်က လုခ်ရှောကို ဗဟိုခံစစ်၊ မာလာစီယာကို ဘယ်နောက်ခံ၊ လီဆန်ဒရို မာတီနက်ဇ်ကို ကွင်းလယ်ဗဟိုမှာ အရွှေ့အပြောင်းတွေ လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ရိုးရိုးသားသားပြောရရင် အဲဒါက သူ လုပ်ရမယ့်နည်းလမ်းပဲလို့ ခင်ဗျားလည်း ထင်မှာပါ"
"တန်ဟက်သာ အလုပ်ဖြစ်ပုံမပေါ်တဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့အတွဲကို ကွင်းလယ်မှာ သုံးခဲ့ရင်တော့ ကျွန်တော် တော်တော်လေးကို အံ့အားသင့်တုန်လှုပ်မိမှာပါ"လို့ ပြောကြားခဲ့ပါတယ်။