အီယန် ရိုက်က အာဆင်နယ်ရဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလား ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပွဲ ၄ ပွဲကို အတည်ပြုခဲ့ပါတယ်။
ဂန်းနားတွေဟာ လက်ရှိမှာ မန်ချက်စတာစီးတီးနဲ့ ၆ မှတ်အကွာမှာ ဦးဆောင်နေပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လီဗာပူးလ်ကို အန်းဖီးမှာ ၂-၀ နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၂-၂ သရေကျခဲ့တာဖြစ်ပြီး ယခုလာမယ့် တနင်္ဂနွေနေ့မှာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပေမယ့်လည်း မန်ချက်စတာစီးတီးက တစ်ပွဲလျော့နေတာကြောင့် ကစားဖို့ ကျန်နေတဲ့ပွဲကို အနိင်ရပြီး ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ ဂန်းနားတွေကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခွင့်ရရှိနိုင်တာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ၎င်းရဲ့အသင်းဟောင်းအနေနဲ့ မန်ချက်စတာစီးတီးကို အနိင်ယူဖို့က ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး ရာသီကုန်အထိ ကစားရမယ့်ပွဲစဉ်တွေထဲက ၄ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲစဉ်တွေအဖြစ် ရှုမြင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အီယန် ရိုက်က မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ ဘရိုက်တန်တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေက ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
“ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူနဲ့တော့ မရနိုင်ဘူး ဟုတ်တယ်မလား။ အဲဒါက ခက်ခဲပါလိမ့်မယ်။ ဒီအချိန်က ရာသီရဲ့ ဖိအားတွေ မြင့်တက်လာတဲ့ အချိန်ပါ။ ကျွန်တော်တို့ မန်စီးတီးက သူတို့ရဲ့ အကောင်းဆုံးပုံစံကို ရှာတွေ့ဖို့ မျှော်လင့်ပေမယ့် ဘယ်ပွဲမှ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းအားလုံးနီးပါးက တစ်စုံတရာအတွက် ကစားနေဆဲမို့လို့ပါ။ အာဆင်နယ်က ဖလားလိုချင်တယ်ဆိုရင် ဒီအချိန်အပိုင်းအခြားကို ဖြတ်သန်းရမှာပါ။ ဒါပေမယ့် အဲဒါက လွယ်မှာတော့မဟုတ်ပါဘူး။ မန်ချက်စတာစီးတီးနဲ့ ကစားရမှာက တကယ်ကို ခက်ပါတယ်။ သူတို့တွေက ပြဿနာတွေ ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီး၊ နယူးကာဆယ်လ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေကိုလည်း ကြည့်ပါတယ်။ အဲဒီပွဲတွေက ကျွန်တော့်အတွက် အရေးကြီးတဲ့ပွဲတွေ ဖြစ်လာမှာပါ။ အာဆင်နယ်က အဲဒီပွဲတွေအားလုံးကို ယုံကြည်မှုနဲ့ ကစားသွားဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အဲဒီပွဲတွေက အဆုံးအဖြတ်ဖြစ်လာမှာမို့လို့ပါ။ ခင်ဗျား မန်စီးတီး ဘယ်ပွဲတွေ ရှုံးမယ်လို့ မြင်လဲ။ ကျွန်တော်တော့ မသေချာဘူး။ မန်စီးတီး ရမှတ်တွေ လျော့ကျတာကို မြင်ရဖို့က အရမ်းခက်ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။