အေစီမှာကစားတုန်းက ဖြစ်ပျက်ခဲ့တာပါ။

အေစီမီလန်မှာ ကစားခဲ့စဉ်က အသင်းဖော်ဇလာတန်ဟာ နောက်ထပ်အသင်းဖော်ကွင်းလယ်လူဂတ်တူဆိုကို အမှိုက်ပုံးထဲ ပစ်ချခဲ့ဖူးတယ်လို့ ချယ်လ်ဆီးနောက်ခံလူသီယာဂိုဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အေစီအတွက် သူတို့ကစားပေးခဲ့စဉ်က အဖြစ်အပျက်ကို အမှတ်တရအဖြစ် ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

သီယာဂိုဆေးလ်ဗားဟာ ဇလာတန်နဲ့ အေစီမီလန်၊ ပီအက်စ်ဂျီတို့မှာပါ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဇလာတန်က ဂတ်တူဆိုကို လက်စားပြန်ချေခဲ့တာလို့လည်း သူက ပြောဆိုခဲ့ပြီး ဒီအဖြစ်အပျက်အတွက် ပြန်တွေးမိတိုင်းလည်း ရယ်မောနေရတယ်လို့ ဆိုပါတယ်။ ဂတ်တူဆိုလို ဖိုက်တာကြီးကို ဇလာတန်က ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုလည်း သူက အခုလိုပြောပြခဲ့ပါတယ်။ 


"ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ ဇလာတန်ပဲပေါ့ဗျာ၊ တရက်မှာ လေ့ကျင့်ခန်းလုပ်နေတဲ့တလျှောက်လုံး ဂတ်တူဆိုက ဇလာတန်ကို တချိန်လုံးနောက်ပြောင်နေခဲ့တာဗျ၊ ဒေါသမထွက်ထွက်အောင် လိုက်စနေတာ၊ ဇလာတန်က ဘာမှကိုပြန်မပြောဘူး၊ အဲဒီနောက်တော့ သိပ်မကြာဘူး သူ လက်စားချေတာကို မြင်ရတော့တာပဲ"

"လေ့ကျင့်ခန်းပြီးတော့ သူတို့နှစ်ယောက် အဝတ်လဲခန်းထဲမှာ ထပ်တွေ့ကြတယ်လေ၊ ဇလာတန်က ဂတ်တူဆိုကို ဆွဲမပြီးတော့ အမှိုက်ပုံးထဲကို ကောက်ထည့်လိုက်တော့တာပဲ၊ ပစ်ထည့်လိုက်တာနော်၊ တကယ်ကို ရယ်နေရတယ်၊ ကျွန်တော်တို့အကုန်လုံး ဂတ်တူဆိုမျက်နှာကြီး ဘယ်လိုဖြစ်နေမလဲဆိုတာကို မြင်ယောင်ပြီး ရယ်နေကြမိတာ၊ တစ်ပတ်လောက် ကျွန်တော် သူ့ကိုမြင်တိုင်း ရယ်နေရတော့တာပဲ" လို့ ဆေးလ်ဗားက ပြောဆိုခဲ့ပါတယ်။ 


လက်ရှိမှာတော့ ဇလာတန်ဟာ အေစီအတွက် ဒုတိယအကြိမ်မြောက် ပြန်လည်ကစားပေးနေပြီဖြစ်ပါတယ်။ ဂတ်တူဆိုကတော့ မီလန်နည်းပြအဖြစ်တာဝန်ယူခဲ့ဖူးပြီး အထုတ်ခံခဲ့ရကာ နည်းပြဘ၀မှာ ကျင်လည်နေပြီဖြစ်ပါတယ်။ 

Share

က္က