ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရင် ဆုကြေးပေးမယ်လို့ အဖွဲ့ချုပ်က ကမ်းလှမ်းထားတာပါ။

ဝေးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်အရာရှိချုပ်နိုအယ်လ်မွန်နေးက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ပါက အသင်းကို ဆုကြေးငွေ ပေါင် ၁၀သန်းအထိ ချီးမြှင့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝေးလ်ကတော့ မနက်ဖြန်မှာ ယူကရိန်းနဲ့ ပလေးအေ့ာဗိုလ်လုပွဲအဖြစ်ကစားသွားရမှာဖြစ်ပြီး အနိုင်ရပါက ကာတာကမ္ဘာ့ဖလားကို ဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ 

ဝေးလ်ဟာ ကာဒစ်မှာ လက်ခံကစားရမှာဖြစ်လို့ အခွင့်အရေးသာလွန်နေပေမယ့် ယူကရိန်းက ဂလက်စကိုမှာ စကော့တလန်ကို ဂိုးပြတ်အနိုင်ယူလာတာမို့ လျှော့တွက်လို့တော့မရပါဘူး။ ဒါကြောင့်လည်း ဝေးလ်ဘောလုံးအဖွဲ့ချုပ်က အသင်းသားတွေကို စိတ်အားတက်ကြွစေဖို့အတွက် မက်လုံးပေးကာ ပွပေါက်တိုးမှာလို့ လှုံ့ဆော်ထားခဲ့တာဖြစ်ပါတယ်။ 

"ငွေရှာဖို့အတွက် လက်တွေ့ကျတဲ့အပိုင်းတွေရှိပါတယ်၊ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ်ဆိုရင် အသင်းအတွက် ပေါင် ၈ သန်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်၊ ပြီးတော့ တချို့ စပွန်ဆာစာချုပ်တွေလည်း ရှိနေပြီးတော့ ပေါင် ၁ သန်းကျော်ကျော်လောက်ရမှာပါ" လို့ မွန်နေးက ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ 

ဒီပွဲစဉ်အတွက် ယူကရိန်းဒုက္ခသည် ၁၀၀ ဦးကိုလည်း လက်မှတ်တွေ လက်ဆောင်အဖြစ်နဲ့ ဝေးလ်က ပေးခဲ့တယ်လို့သိရပါတယ်။ ဒီပွဲကိုတော့ ဝေးလ်အတွက် ဂါရတ်ဘေးလ်က ဦးဆောင်ကစားမှာဖြစ်ပြီး အခြားသောနာမည်ကျော်ကစားသမားတွေလည်း ဝေးလ်ကပိုင်ဆိုင်ထားလို့ ယူကရိန်းကို အနိုင်ယူဖို့ရာ မျှော်လင့်ချက်ရှိနေပါတယ်။ 

ဒါပေမယ့် မာကျောပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ယူကရိန်းကြောင့် ခက်ခက်ခဲခဲတော့ ကစားရဖွယ်ရှိနေပါတယ်။ ယူကရိန်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ရလဒ်တွေဆက်တိုက်ကောင်းမွန်နေပြီး ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ဘေးတွေကြောင့် ယူကရိန်းပြည်သူတွေအတွက် အောင်မြင်မှုရယူပေးချင်တဲ့ စိတ်အားထက်သန်မှုကလည်း ပြင်းပြနေပါတယ်။ 

Share

က္က