စကော့တလန်ကစားသမားဟောင်းလည်းဖြစ်၊ ရိန်းဂျားစ်နည်းပြဟောင်းလည်းဖြစ်တဲ့ မက်ကွိုက်စ်က သူ့အနေနဲ့ ရိန်းဂျားစ်မှာသာရှိနေဦးမယ်ဆိုရင် ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ကြိုးစားမှာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ စကော့တလန်မှာ ဂေါ့ဖ်ကွင်းကောင်းတွေရှိနေတာကြောင့်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားပါ။ ဒီကစားသမားအတွက် ကမ်းလှမ်းမှုက အနည်းဆုံး (၁၀) ခုရှိတယ်လို့ သိရှိရပါတယ်။ ဂါရတ်ဘေးလ်ကတော့ ဝေးလ်စ်နဲ့အတူ ကမ္ဘာ့ဖလားဝင်ရောက်ခွင့်ရရှိထားတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို သေချာရွေးချယ် စဥ်းစားသွားမှာပါ။
ဂါရတ်ဘေးလ်အတွက် ကာဒစ်ဖ်စီးတီး၊ ဆောက်သမ်တန်၊ ဆဲလ်တစ်နဲ့ စပါးတို့ကလည်း အပြိုင်အဆိုင်ကြိုးစားနေကြပြီး မက်ကွိုက်စ်ကတော့ ဂါရတ်ဘေးလ်ကို ဆွဲဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ မက်ကွိုက်စ်က “ကျနော်သာ ရိန်းဂျားစ်မှာဆိုရင် ဂါရတ်ဘေးလ်ကို တစုံတခုနဲ့ ကောင်းကောင်းကမ်းလှမ်းမှာပါ”
“ကျနော် ပြောတာ နားထောင်ပါ။ အခုဆိုရင် ဂါရတ်ဘေးလ်က သူ့ရဲ့ ဘဝကို ပျော်ပျော်ဖြတ်သန်းရမယ့် အဆင့်ကို ရောက်နေပါပြီ။ သူက ဂေါ့ဖ်ရိုက်ရတာ ကြိုက်တယ်ဆိုတာလည်း ကျနော်တို့ အားလုံး သိထားတာပဲ။ ကျနော်တို့ စကော့တလန်မှာဆိုရင် အကောင်းဆုံးဂေါ့ဖ်ကွင်းတွေရှိနေပါတယ်။ ကျနော်သူ့ကို သွားခေါ်ပြီး ဒီမှာတနှစ်လောက်ပဲနေကြည့်လောက်လို့ ပြောမှာပါ”
“ပရိသတ်တွေကလည်း သူ့ကို သေချာပေါက်ချစ်ကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာရှိနေခဲ့တုန်းက ပွဲကစားခွင့်မရလည်း လစာယူပြီး ဂေါ့ဖ်ရိုက်နေမယ်လို့ ပြောခဲ့ဖူးတာကြောင့် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။