ဂါဇာကမ်းမြှောင်မှာ စစ်သွေးကြွတွေက အစ္စရေးနိုင်ငံအတွင်း ဒုံးကျည် ၂၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ပါလက်စတိုင်းပိုင်နက်ထဲရှိ ပစ်မှတ်နေရာ ၃၀ ကို လေကြောင်းတိုက်ခိုက်မှုနဲ့ တင့်ကားအမြှောက်ပစ်ခတ်မှုတို့ဖြင့် တုံ့ပြန်ခဲ့ကြောင်းသိရပါတယ်။
စစ်သွေးကြွတွေက ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းမှာ ဒေသခံတွေ ဘေးလွတ်ရာသို့ ပြေးလွှားပုန်းခိုခဲ့ကြပါတယ်။ စနေနေ့ (မေ ၄ ရက်) က ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုများအတွင်း အစ္စရေးနှစ်ဦး ဒဏ်ရာရခဲ့ပြီး ပါလက်စတိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦး သတင်းတွေက ပြောပါတယ်။
(အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခု) (Photo: AFP)
သောကြာနေ့ (မေ ၃ ရက်) မှာလည်း တိုက်ခိုက်မှုများအတွင်း ဟားမတ်စ်စစ်သွေးကြွ နှစ်ဦးအပါအဝင် ပါလက်စတိုင်းလေးဦး သေဆုံးခဲ့ပြီး အစ္စရေးစစ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
ယခု တိုက်ခိုက်မှုတွေဟာ ဧပြီလအတွင်း အစ္စရေးရွေးကောက်ပွဲ ပြုလုပ်ခဲ့စဉ် အပစ်အခတ်ရပ်စဲထားခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံနဲ့ ကုလသမဂ္ဂ ကြားဝင်မှုဖြင့် အချိန်ကာလ ပိုမိုရှည်ကြာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရန် ကြိုးပမ်းနေကြပေမဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။