မန်ချက်စတာစီးတီး၊ လီဗာပူးတိုက်စစ်မှူးဟောင်း ဘာလိုတယ်လီဟာ ၎င်းရဲ့ဇာတိ အီတလီမှာ နောက်ထပ်အငြင်းပွားဖွယ်လုပ်ရပ်တစ်ခု ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
မာရီယိုဘာလိုတယ်လီဟာ ၎င်းရဲ့ဇာတိမြို့အသင်းဖြစ်တဲ့ ဘရက်ရှားအသင်းအတွက် ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်မကစားပေးမီ အဝတ်လဲခန်းအတွင်းမှာ ဆေးလိပ်သောက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း ဘာလိုတယ်လီက ဂျူဗင်တပ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဘရက်ရှားကစားသမားဘဝကို အရှုံးနဲ့ စတင်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘာလိုတယ်လီဟာ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်အတွက် ပြင်ဆင်နေရင်း ဘရက်ရှားအသင်း အဝတ်လဲခန်းအတွင်းမှာ ဆေးလိပ်သောက်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဘာလိုတယ်လီက အပေါ်ပိုင်းဗလာကျင်းနဲ့ ဆေးလိပ် လက်ကြားညှပ်ပြီး သောက်နေတာဖြစ်ပါတယ်။
ဘာလိုတယ်လီဟာ လီဗာပူးမှာ မအောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းနေစဉ်အချိန်တုန်းကလည်း စီးကရက်သောက်နေတဲ့ဓာတ်ပုံ ထွက်ပေါ်ခဲ့ဖူးပြီး ၎င်းရဲ့ကစားသမားဘဝတစ်ခုလုံးဟာ အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေခဲ့သူဖြစ်ပါတယ်။
ဘာလိုတယ်လီဟာ မာဆေးလ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၁၅ ပွဲပါဝင်ကစားပေးပြီး ၈ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ ၎င်းရဲ့ဇာတိကလပ်အသင်းဖြစ်တဲ့ ဘရက်ရှားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။