ကြိုတင်သတ်မှတ်များ မပါရှိတဲ့ အာမခံကြေးကို ဒေါ်လာ ၁.၂၅ သန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

အမေရိကန် မင်နီယာပိုလစ်မြို့မှာ အသက် ၄၆ နှစ်အရွယ် အာဖရိကန်-အမေရိကန် အမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကိုသတ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ ရဲအရာရှိဟောင်း Derek Chauvin အတွက် အာမခံကြေးကို အမေရိကန်ဒေါ်လာ ၁.၂၅ သန်းအဖြစ် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

(ဂျော့ဂျ်ဖလွိုက်ဒ်) (Photo: AFP)

အသက် ၄၄ နှစ်အရွယ် ရဲအရာရှိဟောင်း Derek Chauvin ကို တနင်္လာနေ့ (ဇွန် ၈ ရက်) က ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့စဥ် တရားသူကြီးက အာမခံကြေးကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မင်နီဆိုးတားပြည်နယ် အကျဥ်းထောင်မှာ ဖမ်းဆီးထားတဲ့ Derek Chauvin ဟာ မေ ၂၅ ရက်နေ့က လက်ထိပ်ခတ်ခံထားရတဲ့ ဂျော့ဂျ်ရဲ့ လည်ပင်းကို သေတဲ့အချိန်အထိ ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ ရဲအရာရှိဖြစ်ပြီး ၎င်းကို ဒုတိယဒီဂရီ လူသတ်မှုတစ်ခု၊ တတိယဒီဂရီ လူသတ်မှုတစ်ခုနဲ့ လူသေစေမှုတစ်ခုတို့ဖြင့် စွဲချက်တင်ထားပါတယ်။



(Photo: Derek Chauvin) (Photo: AFP)

ထို့အတူ ဂျော့ဂျ် သေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့စဥ်က အတူရှိနေခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုလည်း ဖမ်းဆီးထားပြီး လူသတ်မှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။ Derek Chauvin ဟာ လူမည်းအမျိုးသား ဂျော့ဂျ်ရဲ့ လည်ပင်းကို ဖိနင်းထားပြီး ဂျော့ဂျ်က အသက်မရှူနိုင်တော့ကြောင်း တောင်းပန်ပြောကြားပေမဲ့ ဆက်လက် ဖိနင်းထားခဲ့တဲ့ မှတ်တမ်းဗီဒီယိုလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။

(အခြား ရဲအရာရှိ သုံးဦး) (Photo: AFP)

ထိုဖြစ်ရပ်ကို မြင်တွေ့သိရှိပြီးနောက် မင်နီယာပိုလစ်မြို့မှ စတင်ကာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ အမေရိကန်နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး မြို့အများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ရပါတယ်။ ရဲအရာရှိဟောင်း Derek Chauvin ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ၁၅ မိနစ် ကြာမြင့်ခဲ့ပြီး အချက်အလက်များအပေါ် မေးမြန်းမှုကိုသာ ၎င်းရဲ့ရှေ့နေက ဖြေကြားရခြင်းဖြစ်ကာ လျှောက်လှဲချက်ပေးရန် မလိုအပ်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(ဂျော့ဂျ်ဖြစ်ရပ်အတွက် ဆန္ဒပြမှု) (Photo: Kerem Yucel/AFP via Getty Images)

Hennepin ကောင်တီ ခရိုင်တရားရုံးမှ တရားသူကြီး Jeannice Reding က Derek Chauvin အတွက် အာမခံကြေးကို ကြိုတင်သတ်မှတ်ချက်များပါရှိပါက ဒေါ်လာ ၁ သန်းနဲ့ ကြိုတင်သတ်မှတ်များ မပါရှိပါက ဒေါ်လာ ၁.၂၅ သန်းအဖြစ် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ကြိုတင်သတ်မှတ်ချက်ပါတဲ့ အာမခံဖြစ်ပါက Derek Chauvin အနေဖြင့် ၎င်းရဲ့ လက်နက်များကို ပေးအပ်ရန်၊ မည်သည့် အဖွဲ့အစည်းမှာမဆို တရားဥပဒေစိုးမိုးရေး သို့မဟုတ် လုံခြုံရေးအဖြစ် အလုပ်မလုပ်ရန်၊ ပြည်နယ်အတွင်းမှ မထွက်ခွာရန်နဲ့ မိသားစုနဲ့ အဆက်အသွယ်မလုပ်ရန်တို့ ပါဝင်ပါတယ်။

(ဂျော့ဂျ်ဖြစ်ရပ်အတွက် ဆန္ဒပြမှု) (Photo: AFP)

ယခု အာမခံကြေးအပေါ် Derek Chauvin ရဲ့ ရှေ့နေက ကန့်ကွက်ခြင်း မရှိပါဘူး။ Derek Chauvin ကို လက်ရှိမှာ Oak Park Heights မြို့ရှိ မင်နီဆိုးတားပြည်နယ် အကျဥ်းထောင်မှာ ဖမ်းဆီးထားပြီး နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ လာမယ့် ဇွန် ၂၉ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ၎င်းကို စွဲချက်တင်ထားတဲ့ ဒုတိယဒီဂရီ လူသတ်မှု၊ တတိယဒီဂရီ လူသတ်မှုနနဲ့ ဒုတိယဒီဂရီ လူသေစေမှုတို့ဟာ နှစ် ၄၀၊ ၂၅ နှစ်နဲ့ ၁၀ နှစ်အဖြစ် အမြင့်ဆုံး ထောင်ဒဏ်များ အသီးသီး ကျခံရနိုင်ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က