ကမ္ဘာ့အနိမ့်ပတ်လမ်းဂြိုလ်တုတွေနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်း ထုတ်တော့မှာပါ

Meizu ဖုန်းကုမ္ပဏီကို ဝယ်ထားတဲ့ Geely လျှပ်စစ်ကားကုမ္ပဏီကလည်း ဂြိုလ်တုဆက်သွယ်ရေးနည်းပညာသုံး စမတ်ဖုန်းတွေ ထုတ်လုပ်ချင်တယ်လို့ ဆိုပါတယ်။ 

ဂွမ်ဒေါင်းအခြေစိုက် Meizu Technology ကို ဝယ်သွားတဲ့ Geely ကားကုမ္ပဏီရဲ့ CEO နဲ့ ဥက္ကဌဖြစ်သူ အဲရစ်လီက ကုမ္ပဏီအနေနဲ့ ကမ္ဘာအနိမ့်ပတ်လမ်း LEO ဂြိုလ်တုတွေနဲ့ စမတ်ဖုန်းတွေဆက်သွယ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောလိုက်တာပါ။ LEO Satellite တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး စားသုံးသူအဆင့် စမတ်ဖုန်းတွေကို မိတ်ဆက်မယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ 





စက်တင်ဘာ ၆ ရက်နေ့မှာ Huawei က ကုမ္ပဏီရဲ့ Flagship စီးရီး Huawei Mate 50 မှာ Beidou Satellite Message 3 Protocol ဂြိုလ်တုလမ်းပြ ဆက်သွယ်ရေးနည်းပညာ ထည့်သွင်းထားကြောင်း ကြေညာလိုက်ပါတယ်။ ဒီနည်းပညာက ဆယ်လူလာလိုင်းမမိတဲ့ နေရာမျိုးမှာ ဂြိုလ်တုနဲ့ ဆက်သွယ်ပြီး ကိုယ့်တည်နေရာနဲ့ စာပို့တာတွေ လုပ်နိုင်မယ့်နည်းပညာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက T-Mobile တယ်လီကွန်းနဲ့ အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တုကုမ္ပဏီတို့က လာမယ့် ၂၀၂၃ ခုနှစ်ကစပြီး စမတ်ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ သုံးနိုင်တော့မယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။ 

Geely ရဲ့ ဥက္ကဌ အဲရစ်လီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ Xingji Technology နာမည်နဲ့ Premium စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ကုမ္ပဏီသစ်တစ်ခု တည်ထောင်ထားပါတယ်။ Xingji Technology ဟာ High-End စမတ်ဖုန်းတွေအပြင် သုတေသနနဲ့ ဖွံ့ဖြိုးမှုအပိုင်း ၊ စမတ်ဝတ်ဆင်ရေးနည်းပညာ နဲ့ ဂေဟစနစ်နဲ့ လိုက်ဖက်တဲ့ ဆောက်လုပ်ရေးပိုင်းပါ အာရုံစိုက်သွားမယ်လို့ ပြောထားပါတယ်။ ဒီနှစ် ဇူလိုင်လထဲမှာ Xingji နဲ့ Meizu တို့ ပူးပေါင်းထားတဲ့ Hubei Xingji Meizu Holding Co ဆိုပြီး လုပ်ငန်းသစ်တစ်ခု တည်ထောင်ထားပါတယ်။ Xingji က Meizu ရဲ့ ရှယ်ယာ ၇၉% ကျော် ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းပါ။

Geely အနေနဲ့ Meizu ကို ဝယ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပရီမီယံဖုန်းထုတ်လုပ်ဖို့အပြင် ကားတွေကို ထိန်းချုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်တီထွင်ရေးမှာပါ ဈေးကွက်တိုးချဲ့ဖို့ ဖြစ်ပါတယ်။ Meizu ဟာ Flyme For Car System ထုတ်လုပ်ထားပြီး ယာဉ်ထိန်းချုပ်ရေးနည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေလည်း ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Meizu ရဲ့ Flyme For Car System ဟာ ကားအတွင်း ကလေးငယ်တွေ ဘေးကင်းရေးကို အာရုံစိုက်ထားပြီး ခြင်ပါ မောင်းထုတ်နိုင်တဲ့ စနစ် ပါရှိပါတယ်။ 

Xinji Technology ရဲ့ အမှုဆောင်အရာရှိချုပ် ဝမ်ယောင်းကတော့ နောက်နှစ်ထဲမှာ ထုတ်ကုန်သစ် ဖြန့်ချိဖို့ ရှိကြောင်းနဲ့ Multimodal Bionic Interactive Design လို့ ခေါ်တဲ့ Interactive ဒီဇိုင်းသစ်နဲ့ လာမယ့်အကြောင်း ပြောထားပါတယ်။ ဆက်သွယ်ရေးလိုင်း လုံးဝပြတ်တောက်မှုမဖြစ်စေဖို့ ကုမ္ပဏီဟာ LEO ဂြိုလ်တုတွေနဲ့ စမတ်ဖုန်းတွေကို 5G နဲ့ NFC ကနေ တစ်ဆင့် ကမ္ဘာ့နေရာအနှံ့ တိုက်ရိုက်ချိတ်ဆက်မှု လုပ်နိုင်မယ့် နည်းပညာတစ်ခုလည်း ကြိုးစားနေပါတယ်။ ဝမ်ကတော့ LEO ဂြိုလ်တုတွေဟာ နေရာတိုင်းကို မြန်နှုန်းမြင့် လိုင်းကြန့်ကြာမှုနည်းနည်းနဲ့ တည်ငြိမ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို အပြည့်အဝပေးနိုင်မယ်လို့လည်း ပြောထားပါတယ်။ 


လာမယ့်နှစ်ထဲမှာ Android 14 စနစ်သုံး ထုတ်ကုန်အားလုံးဟာ ဂြိုလ်တုနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်စွမ်းတွေ ရလာနိုင်ပါတယ်။ ၂၀၂၃ မှာ Geely ပိုင် Xingji ကုမ္ပဏီကနေ LEO ဂြိုလ်တုချိတ်ဆက်မှု ပါတဲ့ ကမ္ဘာ့ပထမဆုံးတန်ဖိုးသင့်ဖုန်းကို ထုတ်လုပ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က