လောင်းကစားမှုနဲ့ ထပ်မံစွဲချက်တင်ခံရတာပါ။

နယူးကာဆယ် ကွင်းလယ်လူ တိုနာလီဟာ လောင်းကစားမှုတွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အေစီမီလန်ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့တာပါ။



ဒါပေမယ့် အသင်းကို ရောက်ပြီး မကြာခင်မှာတင် ဒီကစားသမားက လောင်းကစားမှုတွေ ကျူးလွန်ခဲ့တာကြောင့် (၁၀) လ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်ကြောင့်လည်း တိုနာလီက လာမယ့် (၂၀၂၄) ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့အထိ ဘောလုံးကစားခွင့် ပြန်လည်ရရှိမှာ မဟုတ်ပါဘူး။

တိုနာလီကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာက အီတလီစီးရီးအေအဖွဲ့ချုပ်နဲ့ ဖီဖာတို့ဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကပါ သူတို့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ ထပ်မံစွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စစ်ဆေးမှုတွေအရ တိုနာလီဟာ နယူးကာဆယ် ကစားသမားဘဝမှာတောင် လောင်းကစားမှုတွေကို ဆက်လက်ကျူးလွန်ခဲ့ကြောင်း သိရှိရပါတယ်။

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်အရ တိုနာလီဟာ (၂၀၂၃) ခုနှစ်​၊ သြဂုတ်လ (၁၂) ရက်နေ့ကနေ အောက်တိုဘာလ (၁၂) ရက်နေ့အတွင်း ဘောလုံးပွဲပေါင်း (၅၀) ကို လောင်းကစား ပြုလုပ်ခဲ့ကြောင်း၊ ဒါဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပြီး တိုနာလီအနေနဲ့ (၂၀၂၄) ခုနှစ်၊ ဧပြီလ (၅) ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ဖြေရှင်းခွင့်ရှိကြောင်း သိရှိရပါတယ်။

နယူးကာဆယ်ဘက်ကတော့ ဒီစွဲချက်တင်ခံရမှုအတွက် တစ်စုံတစ်ရာ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးသည့်တိုင် ကစားသမားဘက်က အပြည့်အဝ ထောက်ခံပေးထားကြောင်း၊ တိုနာလီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ လိုက်နာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က