ဒီမာရီယာက နာမည်ကျော်တွေနဲ့ တွဲကစားခွင့်ရရှိခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီမာရီယာက သူ့ရဲ့ ကစားသမားဘဝမှာ နာမည်ကျော် ကစားသမားတွေနဲ့ တွဲကစားခွင့်ရခဲ့တဲ့အပေါ် ဖွင့်ဟပြောကြားခဲ့ပြီး အကောင်းဆုံးတယောက်တည်းကိုပဲ ရွေးရမယ်ဆိုရင်တော့ မက်ဆီကိုပဲ ရွေးချယ်မယ်လို့ ပြောပါတယ်။



ဒီမာရီယာဟာ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ဖူးပါတယ်။ ဒီကစားသမားဟာ လက်ရှိအချိန်မှာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဂျူဗင်တပ်စ်က ဒီမာရီယာအတွက် ပထမအကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချထားပါတယ်။

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်က ဒုတိယအကြိမ် ပြန်လည်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ကစားသမားဘဝ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့တော့ ဒီမာရီယာက “ရွန်းနီ၊ အီဘရာဟီမိုဗစ်၊ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တွဲကစားခွင့်ဆိုတာက အိပ်မက်တခုသာသာပါ။ ဒီကစားသမားတွေက ကျနော် ဂိမ်းထဲမှာ အမြဲယူကစားနေကျ ကစားသမားတွေလည်းဖြစ်ပါတယ်”

“သူတို့နဲ့ အတူတွဲကစားခွင့်ရဖို့ ကျနော် စိတ်ကူးတောင်မယဥ်ခဲ့ဖူးပါဘူး။ သူတို့ ကစားတာကို အမြဲတမ်းစောင့်ကြည့်ခဲ့ရပြီး အတူတွဲကစားခွင့်ရချိန်မှာတော့ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ မက်ဆီက ဒီလေးယောက်ထဲမှာ အကောင်းဆုံးပါ။ ရော်နယ်ဒိုက မွန်းစတားတယောက်၊ နေမာက ဘောလုံးအပေါ် ရိုးရှင်းတဲ့ပျော်ရွှင်မှုရှိတဲ့သူပါ။ အီဘရာဟီမိုဗစ်က ရူးလောက်စရာဖြစ်ပြီး သူ့ဆီမှာ အရာအားလုံးရှိပါတယ်”

“ကွင်းထဲမှာတော့ သူက လူဆိုးတယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ့်လူကောင်းတယောက်ပါ။ ကျနော် ပီအက်စ်ဂျီမှာရှိနေတုန်း သူ့အကြောင်း ကောင်းကောင်းသိခဲ့ပါတယ်။ ရွန်းနီက တိတ်တိတ်လေး နေတတ်တဲ့သူတယောက်ပါ။ သူ ဒီလောက်အထိ သန်မာမယ်လို့တောင် ကျနော် မထင်ခဲ့ပါဘူး။ ထိပ်တန်းကစားသမားတွေအားလုံးနဲ့ ကျနော် တွဲကစားခွင့်ရခဲ့တာပါပဲ”

“ဘယ်သူ အကောင်းဆုံးလဲဆိုတာ ရွေးချယ်ရခက်ပါတယ်။ တယောက်တည်းပဲ ရွေးဆိုရင်တော့ ကျနော် မက်ဆီကိုပဲ ရွေးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီနဲ့ဒီမာရီယာတို့ဟာ အာဂျင်တီးနားမှာလည်း အသင်းဖော်တွေဖြစ်ကြပြီး ဒီမာရီယာက မက်ဆီအပေါ် အထူးချစ်ခင်သဘောကျတဲ့ သူငယ်ချင်းကောင်းတယောက်လည်းဖြစ်ပါတယ်။ 

Share

က္က