Gaming smartphone စစ်စစ်မဟုတ်ပေမယ့် အကြီးစားဂိမ်းတွေ သာသာယာယာဆော့လို့ရမယ့် ဖုန်းတစ်လုံးကတော့ Huawei Honor Note 10 ပါပဲ။
Photo: Tech Carving
Honor Note 10 ဟာ ဈေးကွက်ထဲ မိတ်မဆက်ခင်ကတည်းက စိတ်လှုပ်ရှားစရာ ကောလာဟာလတွေ ယူဆောင်လာတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး တကယ်တမ်းမိတ်ဆက်ချိန်မှာ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ပါလာပါတယ်။ မျက်နှာပြင်အကြီးစား သုံးသွားမယ်လို့ပဲ သတင်းထွက်ထားတဲ့ Honor Note 10 ဟာ ၇ လက်မ AMOLED display ကို သုံးပြီး phablet တစ်လုံးအဖြစ် ဝင်ရောက်လာတာပါ။ ဒါကပဲ စမတ်ဖုန်းနဲ့ဂိမ်းဆော့မယ့် သူတွေအကြိုက်တွေ့စရာ ဖြစ်မှာပါ။
display ဒီဇိုင်းမှာ notch မသုံးတဲ့ bezel ပါးပါး နဲ့လာပြီး 1080 x 2220px FullHD+ ရုပ်ထွက်ပါရှိပါတယ်။ Honor Note 10 ဟာ Honor Play မှာ သုံးသွားတဲ့ Huawei ရဲ့ ဂရပ်ဖစ် နည်းပညာသစ် GPU Turbo နဲ့CPU Turbo တို့ကို သုံးသွားလို့အကြီးစား တိုက်ခိုက်ရေးဂိမ်းတွေကို ဂရပ်ဖစ်ပိုင်း အထစ်အငေါ့မရှိ ဆော့လို့ရမှာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ဒီဖုန်းဟာ The Nine လို့ခေါ်တဲ့ cooling system သစ် ပါရှိတာပါ။ ဒီအအေးပေးစနစ်ကြောင့် HDR ရုပ်ထွက်မြင့် ဂိမ်းတွေကို ဖုန်းအပူမတက်စေဘဲ အသာလေးဆော့နိုင်မှာ ဖြစ်ပါတယ်။ အသံစနစ်ပိုင်းမှာ Honor Play လို 3D ပတ်ပတ်လည်အသံစနစ် မပါပေမယ့် စတီရီယိုစပီကာတွေနဲ့Dolby Atmos အသံစနစ်တွေ သုံးထားလို့သီချင်း နားထောင်တာ ၊ ဂိမ်းဆော့ရမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွေ့အကြုံတွေ ရလာမှာပါ။
performance အနေနဲ့Honor Note 10 ဟာ CPU နဲ့GPU Turbo နည်းပညာပါဝင်တဲ့ Kirin 970 processor သုံးထားတာကြောင့် AI လုပ်ဆောင်ချက်တွေအတွက်ပါ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ မှတ်သားစရာက Headphone jack ပေါက် မပါတော့တာပါပဲ။ ဘက်ထရီပိုင်းကတော့ မျက်နှာပြင် ၇ လက်မ phablet တစ်လုံးအတွက် အလိုက်ဖက်ဆုံး ဖြစ်မယ့် 5000 mAh ဘက်ထရီ ပါရှိပြီး USB Type C ပေါက်ကနေ Super Charge အားသွင်းစနစ်နဲ့သွင်းနိုင်မှာပါ။
Photo: GSMArena
ကျောဘက်မှာ fingerprint scanner နဲ့အတူ ထောင်လိုက် dual AI Cameras နှစ်လုံး ပါရှိပါတယ်။ 24MP နဲ့15MP ကင်မရာအားလုံးဟာ AI ရုပ်ငြိမ်စနစ်တွေ ပါရှိပြီး ရိုက်ကူးမယ့် မြင်ကွင်းကို အလိုအလျောက် မှတ်သားနိုင်ပြီး အလင်းအမှောင်ကို လိုသလို ချိန်ညှိပေးသွားမှာပါ။ ရှေ့ဆယ်လ်ဖီကင်မရာဟာ 13MP ဖြစ်ပြီး Double Turbo feature အတွက် ခလုတ်သက်သက် ထည့်သွင်းထားပါတယ်။
အန်းဒရိုက်စနစ်ပိုင်းမှာ Huawei ရဲ့ နောက်ဆုံးထွက် EMUI ပါတဲ့ Androdi 8.1 Oreo သုံးထားပြီး nano-SIM နှစ်ကဒ်နဲ့microSD card တစ်ကဒ်အတွက် slot စနစ် ပံ့ပိုးပေးထားပါတယ်။ RAM 6G အနိမ့်မော်ဒယ်အပြင် အမြင့်ဆုံး RAM 8GB/128GB storage ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ထွက်လာတာဖြစ်လို့RAM/storage အမြင့်ကြိုက်သူများအတွက် စိတ်ကျေနပ်ရမယ့် ဖုန်းတစ်လုံးလို့ဆိုရမှာပါ။
Photo: lowyat
Midnight Black နဲ့Phantom Blue ကာလာ ၂ မျိုးနဲ့လာပြီး အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ကို ၂၇၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခန့်) ၊ RAM 6GB/128GB storage ကို ၃၁၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၉ သောင်းခန့်) နဲ့အမြင့်ဆုံး မော်ဒယ်ကတော့ ၃၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာ ဖြစ်လို့ဈေးကတော့ ခပ်မြောက်မြောက်ပဲလို့ပြောရမှာ ဖြစ်ပါတယ်။
Share