Huawei ဖုန်းတွေထဲမှာ ပထမဆုံး ဂိမ်းဖုန်းလို့ပြောနိုင်တဲ့ ဖုန်းက Honor Play ပါပဲ။
Photo: digitaltrends
ဒီနှစ်ထဲမှာ Huawei ဖုန်းတော်တော်များများဟာ Gaming smartphone တွေအဖြစ် အဆင့်မြှင့်တင်သွားတော့မှာပါ။ ၂၀၁၇ ထုတ် Huawei P10 ကနေ Nova 2i လို mid-range ဖုန်းတွေအပါအဝင် နောက်ဆုံးထွက် Huawei P20/P20 Pro တို့ပါ gaming smartphone ဖြစ်လာစေမယ့် အဓိကအချက်ကတော့ Huawei ရဲ့ နောက်ဆုံးထွက် ဂရပ်ဖစ်နည်းပညာ GPU Turbo update ဖြစ်ပါတယ်။
မျက်နှာပြင် ၆.၃ လက်မ 1080p display သုံး Honor Play မှာ စပြီး GPU Turbo လို့ခေါ်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ၆၀% အဆင့်မြှင့်တင်ပေးပြီး ပါဝါသုံးစွဲမှုကို ၃၀% လျှော့ချပေးနိုင်တဲ့ နည်းပညာ ထည့်သွင်းလိုက်တာပါ။ ဘက်ထရီအစားသက်သာပြီး ဂိမ်းဆော့ရ သွက်စေမယ့် ဒီနည်းပညာဟာ ကားမှာပါတဲ့ turbocharger နည်းပညာကို မှီးပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
processor ပိုင်းမှာ AI လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 chipset သုံးထားပြီး 4D Gaming အတွေ့အကြုံ ခံစားရစေမယ်လို့ကုမ္ပဏီက ကြေငြာထားပါတယ်။ ဒီအတွက်ကြောင့် ရုပ်ထွက်နဲ့အသံစနစ်ဟာ တကယ့်အပြင်မှာ ဖြစ်နေသလို ခံစားရစေမှာပါ။ AI ရဲ့ အကူအညီနဲ့အသံကို 3D ဘေးပတ်ပတ်လည် စနစ် ဖြစ်စေမှာပါ။
ကင်မရာနှစ်လုံးတွဲ စနစ် ဖြစ်တဲ့ 16MP နဲ့2MP ကင်မရာနှစ်လုံးကို ကျောဘက်မှာ ထောင်လိုက် သုံးထားပြီး fingerprint ကိုလည်း ကျောဘက်မှာပဲ သုံးထားပါတယ်။ ရှေ့မှာတော့ 16MP စနစ်ကို ဆယ်လ်ဖီကင်မရာအဖြစ် သုံးထားပါတယ်။ ဘက်ထရီအနေနဲ့3750 mAh ဘက်ထရီ ဖြစ်ပြီး USB Type C ကနေ အားသွင်းနိုင်မှာပါ။
Photo: gizchina
Honor Play ကို တရုတ်နဲ့အိန္ဒိယမှာ မိတ်ဆက်ထားပြီး ကမ္ဘာ့ဈေးကွက်ကိုတော့ သြဂုတ်လ ၃၁ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ ဈေးနှုန်းကတော့ RAM 4GB/64GB storage ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲကျော်) နဲ့RAM 6GB /64GB ဗားရှင်း ကို ၂၃၉၉ ယွမ် (မြန်မာငွေ ၅ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချထားပါတယ်။