ဂီတာဖေးတိုက်စစ်မှူးသစ် မေဆန်ဂရင်း၀ုဒ်ရဲ့ ဂျာစီဟာ ၄၈ နာရီအတွင်း အသင်းသမိုင်းတလျှောက်မှာ အရောင်းရဆုံး ဂျာစီဖြစ်လာတယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူးဟာ စပိန်ကလပ် ဂီတာဖေးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဂရင်း၀ုဒ်ဟာ ပြီးခဲ့တဲ့တပတ်အတွင်း အသင်းသစ်နဲ့အတူ လေ့ကျင့်ခန်းစဆင်းခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ မိတ်ဆက်ပွဲကိုလည်း အဲဒီနေ့မှာပဲ ပြုလုပ်ခဲ့ပြီး ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကာ ဂရင်း၀ုဒ်ကို နွေးထွေးစွာနဲ့ ကြိုဆိုခဲ့ပြီး အင်္ဂလန်မှာ ဖြစ်ပျက်ခဲ့သမျှတွေအတွက် ဖြေသိမ့်နိုင်စရာ ဖြစ်ခဲ့ရပါတယ်။
ပရိသတ်အားပေးမှုကို အချိန်တိုအတွင်းရရှိခဲ့တဲ့ ဂရင်း၀ုဒ်ရဲ့ ဂျာစီရောင်းအားကလည်း တော်တော်လေးကောင်းမွန်ခဲ့တာပါ။ ပစ္စည်းပြတ်လပ်တဲ့အထိကို ရောင်းကောင်းခဲ့ပြီး ဒီသတင်းတွေက ကစားသမားအတွက်ရော၊ အသင်းအတွက်ပါ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။
ဂီတာဖေးက ဂရင်း၀ုဒ်ကို ခေါ်ယူခဲ့တဲ့အပေါ် ဆန့်ကျင်မှုတွေ ရှိနေခဲ့ပေမယ့်လည်း စပိန်ကလပ်တော့ လုံး၀ဂရုစိုက်ခဲ့ခြင်းမရှိဘဲ လျစ်လျူရှုခဲ့ပါတယ်။ ဂရင်း၀ုဒ်ကို အကောင်းဆုံးဖြစ်အောင် ကြိုဆိုခဲ့ပြီး ပရိသတ်တွေကလည်း တခဲနက်အားပေးခဲ့ကာ ယူနိုက်တက်တိုက်စစ်မှူးဟောင်းအတွက် စပိန်မြေခရီးစဉ်က တော်တော်လေးကျေနပ်စရာကောင်းနေခဲ့ပါတယ်။