In partnership with  logo
ဘဝဆိုတဲ့အချိန်ခဏလေးအတွင်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေအတွက် ကိုယ့်အိပ်မက်ကို မရပ်မနားပုံဖော်နေခဲ့တဲ့ အမျိုးသမီးကတော့ Maze of Mara အဖွဲ့ရဲ့ အဆိုတော်လည်း ဖြစ်သလို အဖွဲ့ကိုစတင်တည်ထောင်သူ Zee ပဲဖြစ်ပါတယ်။

ဘဝဆိုတဲ့အချိန်ခဏလေးအတွင်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေအတွက် ကိုယ့်အိပ်မက်ကို မရပ်မနားပုံဖော်နေခဲ့တဲ့ အမျိုးသမီးတစ်ဦးရှိပါတယ်။ သူမကတော့ Maze of Mara အဖွဲ့ရဲ့ အဆိုတော်လည်း ဖြစ်သလို အဖွဲ့ကိုစတင်တည်ထောင်သူ Zee ပါ။ သူမ ရူးသွပ်တဲ့ ဂီတအမျိုးအစားက မြန်မာနိုင်ငံမှာ အလွယ်တကူလက်ခံပေးတဲ့ အမျိုးအစားမဟုတ်တဲ့ Metal ဂီတအမျိုးအစားဖြစ်တဲ့အပြင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီဂီတကို ဆက်လက်ဖန်တီးဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ဝေဖန်ချက်၊ စကားသံတွေအားလုံးကို ချိုးဖျက်ပြီး Underground ဂီတလောကမှာ ကိုယ်ချစ်တဲ့ဂီတကို ပုံဖော်နေခဲ့တာ ခုဆိုရင် ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီ။

ဒီဂီတကို သူမဘယ်လိုရူးသွပ်ပြီး ဒီ band လေးကိုစလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်း သူမကို မေးကြည့်ဖြစ်တော့ “ဂီတကို ရူးသွပ်တာက ငယ်ငယ်ကတည်းကပါ။ အဲ့ဒီတုန်းကတော့ ဘယ်ဂီတရယ်လို့မဟုတ်ဘဲ အားလုံးကို နားထောင်ဖြစ်တယ်ပေါ့။ နောက်ပိုင်း metal မြူးဇစ်ကို ရူးသွပ်တာကတော့ ဒီသီချင်းတွေကို နားထောင်မိရာကနေ စတာပါပဲ။ မှတ်မှတ်ရရဆိုရင် Zee က ဟိုးအရင်ကတည်းက Evanescence တို့ flyleaf တို့နဲ့ ကိုယ်သဘောကျ၊အားကျရတဲ့ တခြားband တွေကြောင့် female fronted metal band အနေနဲ့ vocal တစ်ယောက် ဖြစ်လာတာပါ။ Band စလုပ်တဲ့အချိန်က 2009 ခုနှစ်လောက်ကတည်းက။ ဒါပေမယ့် အဲ့ဒီတုန်းက Maze of Mara ဆိုတဲ့နာမည်နဲ့မဟုတ်ဘူး။ တခြားနာမည်တွေနဲ့ band နာမည်တွေပြောင်း လူတွေလည်း ပြောင်းပေါ့နော်။ ကြားထဲမှာ တစ်ယောက်တည်းမို့လို့ ရပ်သွားသေးတယ်။ ပြီးတော့မှ လူပြန်စုပြီး Maze Of Mara အနေနဲ့ 2015 Voice of The Youth Festival မှာ ပြန်ပါဖြစ်ရာကနေ ဒီနာမည် အတည်ဖြစ်သွားခဲ့တာပါ” လို့ Zee က ပြောပြသွားပါတယ်။

Underground ဂီတလောကမှာ Band တစ်ခုကို ရေရှည်လုပ်နိုင်ဖို့မလွယ်ကူပါဘူး။ အထူးသဖြင့် Player တွေ ရှားပါးလွန်းတဲ့အပြင် ဒီဂီတကိုဖန်တီးပြီးတော့လည်း ဒီကနေ ပုံမှန်ဝင်ငွေရနိုင်တာ မဟုတ်တဲ့အတွက် Band တစ်ခုစဖွဲ့တာနဲ့ Team Work ကောင်းဖို့လိုအပ်သလို အားလုံးကလည်း ဂီတကိုရူးသွပ်တဲ့စိတ်ရှိနေဖို့ အရမ်း အရေးကြီးပါတယ်။

အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် Band ရဲ့ Founder လည်းဖြစ်သလို Vocalist လည်းဖြစ်တဲ့ Zee ကရောဒီလိုအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအကြောင်းကိုတော့ သူမက “လွန်ခဲ့တဲ့ ဆယ်နှစ်ထဲကမှ မဟုတ်ပါဘူး။ ခုထိလည်း band တစ်ခုဖြစ်ဖို့က မလွယ်ပါဘူး။ အရင်ကလို လူမစုဖြစ်ရင် band ရပ်ထားလိုက်တော့မယ် ဆိုတဲ့စိတ်တွေကြောင့် သီချင်းမလုပ်ဖြစ်ခဲ့တာတွေရှိတယ်။ ခုတော့ ကိုယ်က vocal ဖြစ်တဲ့အပြင် ဒီ band ရဲ့ founder ဖြစ်နေတဲ့အတွက် ကိုယ်ရှိနေသရွေ့ ဆက်သွားနေမယ်ဆိုတဲ့ စိတ်ကိုထည့်လိုက်တာပါပဲ။ အမျိူးသမီး တစ်ယောက်အနေနဲ့ ဒီလို music ဖန်တီးတာကလည်း တော်တော့်ကိုခက်ခဲပါတယ်။ ကိုယ်ကိုယ်တိုင် ဒီ အနုပညာလောကထဲမှာ သတင်းထောက်လုပ်ခဲ့ဖူးတဲ့အပြင် မီဒီယာလောကထဲမှာပဲ ကိုယ့်အလုပ်က ဖြစ်နေတော့ နာမည်ကြီးအဆိုတော် သရုပ်ဆောင်တော်တော်များများနဲ့လည်း သိနေတာကြောင့် ဘယ်လမ်းကြောင်းသွားရင် လူကြိုက်ပိုများမယ်၊ ဘယ်လိုသီချင်းမျိူးဆို နားစွဲလွယ်မယ်ဆိုတာ သိပါတယ်။ ကိုယ့်ကိုဆိုလည်း ကူညီကြမယ့်သူတွေ အများကြီးပါ။ ကိုယ်တိုင်ကိုက ဒီဘက်ကိုပဲ ရူးသွပ်မိတော့ ဒီဘက်ကိုပိုရောက်နေတာပါ။ Band မှာတော့ Player တွေအမျိူးမျိူးပြောင်းနေတာပေါ့နော်။ ဒါပေမယ့် ကိုယ်ကတော့ ဘယ်လိုအခက်အခဲတွေရှိနေပါစေ၊ Band ရပ်မသွားအောင် ဆက်ပြီးကြိုးစားနေပါတယ်”တဲ့။

ကိုယ့်အိပ်မက်ကဘာလဲ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်က ဘာလဲဆိုတာ အတိအကျနားလည်နေတဲ့ Zee ဟာ ဒီလောကထဲမှာကျင်လည်ခဲ့ရတဲ့အချိန်အတွင်း အခက်အခဲတွေ ဘယ်လိုကြုံရပါစေ၊ တစ်ဖက်ကလည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့တဲ့အကြောင်းကိုတော့ “Underground လောကထဲမှာ ကျင်လည်ခဲ့ရတဲ့အချိန်အတွင်း ငါမှားပြီလားဆိုတဲ့ နောင်တမျိုးတစ်ခါတလေ ရတတ်ပေမယ့် ငါရပ်လိုက်မယ်၊ နောက်ဆုတ်မယ်ဆိုပြီးတော့ ဘယ်တော့မှမဆုံးဖြတ်ခဲ့ဖူးဘူး။ စိတ်အားငယ်ခဲ့တဲ့အချိန်တွေကတော့ ခုထိကြုံရတာပဲ။ ဒါပေမယ့် ဘယ်လိုအကြောင်းရာနဲ့ကြုံကြုံ ခုထိတော့ ရပ်မသွားသေးဘူး။ ကိုယ့်ကိုယ်ကိုယ် အဲ့ဒါလေးတော့ ကျေနပ်နေတယ်။ ပြီးတော့ ကိုယ်လေးစားအားကျရတဲ့ ဂီတနယ်ပယ်ပေါင်းစုံက Underground Artists တွေဆီက ကိုယ်ချစ်တဲ့ဂီတနဲ့ပတ်သက်ပြီး ခံယူချက်တွေ၊ ဇွဲတွေ ဘယ်လိုထားရမယ်ဆိုတာကို သေချာနားလည်ခဲ့တယ်။ Art အပေါ် စစ်မှန်တာတွေ ရှာဖွေတွေ့ရှိခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး ကူညီတတ်တဲ့ စိတ်စေတနာတွေကိုလည်း သိရှိခဲ့ရပါတယ်။” လို့ သူမက ဖွင့်ဟသွားပါတယ်။

သီချင်းဖန်တီးမှုအပိုင်းကိုတော့ သူမက “သီချင်းဖန်တီးတဲ့အခါမှာ အားသာတာကတော့ စာသားပိုင်းပါ။ instrumentalကတော့ ဂစ်တာတီးတတ်တယ်ဆိုပေမယ့် အရမ်းမကျွမ်းကျင်တော့ ထပ်သင်ရမှာတွေ၊ လေ့လာရဦးမှာတွေရှိပါတယ်။ အရင်တုန်းက အဖွဲ့မှာ Member ရယ်လို့ သတ်သတ်မှတ်မှတ်ရှိစဉ်တုန်းက အားလုံးတိုင်ပင်ပြီး arrangement လုပ်ကြတယ်။ ကိုယ်ကစာသားတွေရေးတယ်။ လိုချင်တဲ့ music ပုံစံရောက်အောင် အားလုံးဝိုင်းလုပ်ကြတာပေါ့။ member တွေမဟုတ်ဘဲ ခုလောလောဆယ် section player တွေပဲ ဖြစ်နေတဲ့ခဏမှာတော့ ကိုယ့်ဘော်ဒါ metal band တွေက artists တွေနဲ့ တိုင်ပင်ပြီးတော့ သီချင်းတွေဆက်လုပ်ဖြစ်တယ်။ ပွဲတွေတီးကြည့်ပြီး players တွေ အိုကေတယ်ဆိုရင်တော့ member အနေနဲ့ ပြန်အိုကေမယ် ထင်ပါတယ်” တဲ့။

Zeeဟာ သူမချစ်တဲ့အနုပညာကို ဖန်တီးခွင့်ရဖို့၊ သီချင်းတွေဆက်လုပ်ဖို့အတွက် တစ်ဖက်မှာလည်း ဒီဂီတကို စလုပ်ကတည်းက ပုံမှန်ဝင်ငွေရအောင် အလုပ်လုပ်နေသူပါ။ အလုပ်တစ်ဖက်နဲ့ ပုံမှန် သီချင်းလုပ်ဖို့ အချိန်မရှိမှာကိုလည်း စိုးရိမ်နေခဲ့ပေမယ့် အခုတော့ သီချင်းသစ်တွေဖန်တီးဖို့အတွက်နဲ့ ကိုယ့်အသံကို ကျင့်ဖို့အတွက် သေချာအချိန်သတ်မှတ်ပြီး လုပ်နေပါတယ်လို့ ပြောပါတယ်။

“လက်ထဲမှာ သွင်းလက်စတွေအကြမ်းတွေ၊ မသွင်းရသေးတာတွေ ၁၂ ပုဒ်လောက်ရှိတယ်။ ဒါပေမယ့် Who Knows ရယ် Psychopath ရယ်နှစ်ပုဒ်ပဲ ထုတ်ရသေးတယ်။ Vocal ပိုင်းအတွက်လည်း သေချာအချိန်ပြန်ပေးပြီး ကျင့်နေပါတယ်။ ကိုယ်က melody ရော scream ရော နှစ်ခုလုံးဆိုရတဲ့အတွက် scream က ကိုယ်လိုချင်တဲ့ထိ ရောက်ဖို့ တော်တော်ကြိုးစားရဦးမှာပါ”တဲ့။

ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် ခုကိုယ်ရောက်နေတဲ့ နေရာကို ကျေနပ်နေပြီလား၊ အရင်နဲ့ခု ဘာတွေကွာသွားသလဲဆိုတဲ့မေးခွန်းကိုတော့ သူမက “ကိုယ့်နေရာကိုမကျေနပ်သေးပါဘူး။ အရင်ကနဲ့ခုက နဲနဲတော့ ကွာသွားတယ်။ လူတွေက မိန်းကလေးတစ်ယောက်ကscream တွေဆိုနိုင်တယ်ဆိုပြီး Maze of Mara ကို ပိုစိတ်ဝင်စားလာကြတယ်။ ဘာသီချင်းတွေ ထပ်ထွက်မလဲ လာမေးကြတယ်။ အရင်တုန်းကဆို ဘယ်သူမှမသိဘူး။ ခုတော့ လာမေးလာကြပြီပေါ့။ အဲ့လိုတွေတော့ ကွာသွားတယ်” လို့ ဖြေသွားပါတယ်။

ခုလာမယ့် 2020မှာတော့ သူမဟာMaze Of Mara ရဲ့ ကျန်ရှိနေတဲ့သီချင်းတွေ ဆက်သွင်းမယ့်အပြင် Band အနေနဲ့မဟုတ်ဘဲ တစ်ယောက်တည်း project နဲ့လည်း တခြားနယ်ပယ်စုံက သူမရဲ့ဘော်ဒါ artists တွေနဲ့ သီချင်းတွေပေါင်းလုပ်ဖို့ သေချာပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုဂီတကိုဖန်တီးတဲ့အခါ ပရိသတ်ရဲ့လက်မခံမှာ စိတ်မပူဘူးလားဆိုပြီး သူမကို မေးကြည့်တဲ့အခါမှာတော့ “ကိုယ့် music ပုံစံနဲ့ ဒီက music ပုံစံနဲ့ကွဲနေပေမယ့် ဒီ music ကိုမကြိုက်တဲ့ ပရိသတ်အတွက် အတင်းကြီး အသိအမှတ်ပြုဖို့ မကြိုးစားပါဘူး။ ကိုယ်ကြိုက်တာ၊ ကိုယ်လုပ်ခဲ့တာတွေကို ကိုယ်နဲ့ အကြိုက်တူတဲ့သူတွေ ကြိုက်ကြပါလိမ့်မယ်။ လူဦးရေ နည်းရင်နည်းမယ် ဒါပေမယ့် ကိုယ့်အပေါ်စစ်မှန်တယ်၊ အဲ့လိုတော့ ကွာသွားတာပေါ့။ Zee က ကိုယ့်ကိုပရိသတ်က အသိအမှတ်ပြုတာ မပြုတာထက် ဒီMetalလောကထဲက ကိုယ့်ထက်ဆရာကျတဲ့ Band တွေ အသိအမှတ်မပြုမှာ ပိုကြောက်တယ်။ ကိုယ့် သီချင်းarrangement တွေ ပေါပေါပဲပဲ ဖြစ်မှာလည်းအရမ်းစိုးရိမ်လို့ အမြဲ ကြိုးစားနေရတယ်။ သီချင်းတစ်ပုဒ်ထွက်ခါနီးတွေ ဆိုက်ကိုတွေတောင် ဖောက်တယ်” လို့သူမက ဖွင့်ဟသွားပါတယ်။

ကိုယ်လှမ်းလျှောက်နေတဲ့ လမ်းက အခက်အခဲတွေ၊ ရုန်းကန်ရတာတွေများလွန်းတာမို့ ပျော်ရွှင်မှုဆိုတာထက် နာကျင်မှုတွေပိုများပေမယ့် ဂီတက သူမရဲ့မျှော်လင့်ချက်တစ်ခုဖြစ်တဲ့အပြင် အခက်အခဲတွေကိုလည်း ဂီတကြောင့်သာ ကျော်လွှားနိုင်ခဲ့တာလို့ Zee က ဆိုသွားပါသေးတယ်။

သီချင်းဖန်တီးတာ၊ ဆိုတာတွေအပြင် သူမရဲ့နောက်ထပ်ဝါသနာတစ်ခုကတော့ ပန်းချီဆွဲတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူမက “ ပန်းချီဆွဲတာကို ဟိုးအရင်ကတည်းက ၀ါသနာတအားပါတယ်။ ဆွဲလည်းဆွဲဖြစ်တယ်။ သူလည်း ကိုယ့်အတွက် စိတ်ထွက်ပေါက်တစ်ခုပဲ။ စိတ်ထဲဖြစ်လာတဲ့ အစိုင်အခဲတွေ၊ တစ်ခုတလေက နူးညံ့တဲ့စိတ်ခံစားချက်တွေ အားလုံးကို ပန်းချီကားအဖြစ်ဖန်တီးပစ်လိုက်တယ်။ တစ်ချိန်မှာတော့ ကိုယ်ဆွဲထားတာလေးတွေကို ပြပွဲလေး လုပ်ချင်တယ်။ ဒါကလည်း အိပ်မက်တွေထဲက အိပ်မက်တစ်ခုပါပဲ”တဲ့။

ဘဝနဲ့ချီပြီး သူမမက်ခဲ့တဲ့ အကြီးမားဆုံးအိပ်မက်ကတော့ Maze of Maraနဲ့အတူ သူမချစ်တဲ့ဂီတကို ဆက်ဖန်တီးဖို့ဖြစ်ပြီး ဒါဟာ သူမ ဒီလူ့လောကထဲ ဆက်ရှိနေဖို့ အကြီးမားဆုံးတွန်းအားနဲ့ အကြီးမားဆုံးစိတ်ခွန်အားဆိုရင်လည်း မမှားဘူးလို့ အခိုင်အမာ ဆိုသွားပါသေးတယ်။

ဒါ့အပြင် Zeeဟာ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ စိတ်ပြင်းပြနေပေမယ့် တစ်ဖက်က ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေကြောင့် ရှေ့ဆက်ဖို့တွန့်ဆုတ်နေတဲ့ အမျိုးသမီးတွေအတွက်လည်း

“ကိုယ့်အိပ်မက်က ဘာလဲဆိုတာ သေသေချာချာသိပြီးရင် ဆက်သာသွားပါ။ အမျိူးသမီးတွေ ဖြစ်တဲ့အတွက် ဒီနိုင်ငံမှာက culture အနေအထားအရ ဟန့်တားမှုတွေ၊ တားဆီးမှုတွေ အထင်သေးခံရခြင်းတွေ မျိူးစုံ ကြုံတွေ့နိုင်ပါတယ်။ ကိုယ်သွားနေတဲ့ အင်အားတွေ ဇွဲတွေမှာ ရိုးသားမှုတွေပါ ထပ်ပေါင်းထည့်ပြီးသာ ရှေ့ဆက်ပါ။ ရိုးဂုဏ်ဆိုတာ တလောကလုံး ဘယ်နေရာသွားသွား၊ ဘယ်လောက်တော်တော် ဘယ်သူတွေနဲ့ ယှဉ်ယှဉ် ရိုးဂုဏ်နဲ့ဆိုရင် သူများထက် အရောင်လင်းနေမှာပါ” လို့ စကားလက်ဆောင်ပါးရင်း အကြံပေးသွားပါသေးတယ်။

ပီပြင်တဲ့ခံယူချက်တွေနဲ့ ကိုယ့်ရဲ့နေ့ရက်တွေကို ရှေ့ဆက်လှမ်းနေကြတဲ့ အမျိုးသမီးတွေမှာ နာကျင်မှု၊ အခက်အခဲတွေဆိုတာကတော့ ကြုံကိုကြုံရမှာပါ။ ဒီအချိန်မှာ ယုံကြည်မှုဆိုတာကို ထပ်ပေါင်းထည့်ပြီး မဆုတ်မနစ်သော ဇွဲကို လက်ကိုင်ထားရင်းသာ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားပါ။ တစ်ချိန်မှာ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်လှည့်ကြည့်ရင်း အပြုံးတွေ၊ ပီတိတွေနဲ့ ကိုယ်ကြုံခဲ့ရတဲ့အရာတွေကို တခြားသူတွေကို ပြန်လည်ဝေမျှပေးနိုင်မှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က