Iron Cross အဖွဲ့သားတွေကတော့ ဂီတသက်တမ်း နှစ်(၃၀) ပြည့်တဲ့အထိ အားပေးလာတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလာပါတယ်။
Photo: Ko Ko Lwin
မြန်မာနိုင်ငံရဲ့ ဂီတရေစီးကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ Iron Cross (Music Band) ဟာ ၂၀၂၀ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှာ နှစ်(၃၀) ပြည့်ခဲ့ပြီလို့ သိရပါတယ်။ နှစ်(၃၀) ပြည့်အမှတ်တရအဖြစ် IC အဖွဲ့သားတွေကိုယ်တိုင်က ပရိသတ်အတွက် အမှတ်တရ စကားတွေ ပြောလာပါတယ်။
Iron Cross အဖွဲ့ထဲမှာဆိုရင် ဝိုင်ဝိုင်း နဲ့ မျိုးကြီး တို့က အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ အဆိုတော် တွေဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးကလည်း နှစ်(၃၀) ပြည့်ခဲ့ပြီဖြစ်တဲ့ IC အဖွဲ့အတွက် အမှတ်တရ စကားတွေဆိုလာပါတယ်။
“ ကျွန်တော်တို့ IC ရဲ့ နှစ်(၃၀) ပြည့် Anniversary မှာ ပရိသတ် အားလုံး ကျန်းမာပါစေလို့ ဆုတောင်းပေးမယ်နော်။ ကျွန်တော်တို့တွေ ထပ်တွေ့ကြမယ်၊ ဆုံကြမယ်” လို့ ဝိုင်ဝိုင်းက ပြောပြခဲ့ပါတယ်။ အဲဒီနောက် အဆိုတော် မျိုးကြီးကလည်း “ Iron Cross ကို ချစ်တဲ့ ပရိသတ်တွေ အားလုံး မင်္ဂလာပါ။ နှစ်(၃၀) တိုင်တိုင် အစဉ်အဆက် အားပေးလာခဲ့ကြ တဲ့အပေါ် ကျေးဇူး အများကြီးတင်ပါတယ်။ အခုချိန်မှာ ပြောချင်တာကတော့ ကျန်းမာရေး ဂရုစိုက်ကြပါ။ အပြင်သွားရင် Mask တပ်ပါ။ ပြန်တွေ့ကြမယ်နော်” လို့ ဆိုပါတယ်။
Photo: Ko Ko Lwin
IC အဖွဲ့မှာ Bass Guitarist တီးခတ်သူ ကိုခင်မောင်သန့်ကလည်း လက်ရှိ COVID-19 ကာလ ပြီးသွားတဲ့ အချိန်မှာ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဆုံချင်တယ်လို့ ဆိုပါတယ်။
“ ဘာလိုလိုနဲ့ နှစ်(၃၀) ပြည့်သွားခဲ့ပြီ။ အခုချိန်ထိ ကျွန်တော်တို့တွေကို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ လက်ရှိ အခြေအနေ အချိန်အခါတွေ ပြီးဆုံးသွားရင် (၃၀) နှစ်ပြည့်ပွဲကြီးလုပ်ရင် လာအားပေးကြနော်”လို့ သူကဆိုပါတယ်။
Photo: Ko Ko Lwin
Iron Cross ဂီတအဖွဲ့မှာ Rock သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ အမြဲဖျော်ဖြေလေ့ရှိ သူတွေကတော့ အငဲ နဲ့ လေးဖြူ တို့ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကလည်း အဖွဲ့သား အချင်းချင်းတွေအတွက် အားပေးစကား ပြောပြခဲ့ပါသေးတယ်။
“ ဒီနှစ်ဟာ IC ရဲ့ နှစ်(၃၀) ပြည့်တဲ့ နှစ်ပေါ့။ အခါတိုင်း ဒီလိုနေ့မျိုးဆိုရင် ကျွန်တော်တို့ ဆုံနေကြ အခုကျတော့ အိမ်မှာပဲ နေနေရတော့ ကျွန်တော့် ညီအစ်ကိုတွေကို အရမ်းသတိရတယ်ဗျာ”လို့ အငဲက ပြောပါတယ်။ အဲဒီနောက် လေးဖြူကလည်း “ နှစ်ပေါင်း (၃၀) ရှိပြီဖြစ်တဲ့ Iron Cross ကို နှစ်ပေါင်း (၃၀)ကြာအောင် အားပေးကြသူများ အားလုံး နေကောင်းကြပါစေ၊ ကျန်းမာကြပါစေ လို့” ဆိုပြီးတော့လည်း ဆက်လက် ပြောပြထားပါသေးတယ်။
Photo: Ko Ko Lwin
Iron Cross အဖွဲ့ဟာဆိုရင် ၁၉၉၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ စောဘွဲ့မှူး(lead guitarist) ၊ ချစ်စမ််းမောင်(lead guitarist) ၊ ခင်မောင်သန့် (bass guitarist)၊ ဗညားနိုင်(keyboards player)၊ ကာရန်(drummer) နဲ့ အတူ ပင်တိုင်အဆိုတော်တွေ ဖြစ်ကြတဲ့ ဝိုင်ဝိုင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီး တို့ ပါဝင်ကြတာဖြစ်ပါတယ်။
Share