အေးမြဖြူကတော့ ပညာရေးမှာလည်း ကြိုးစားသွားမှာဖြစ်သလို ဂီတလမ်းကြောင်းပေါ်မှာလည်း ဆက်ရှိနေဦးမှာပါတဲ့။ Myanmar idol(Season-4) winner ဆုရှင်က မိန်းကလေးဖြစ်ခဲ့လို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
အေးမြဖြူကတော့ Myanmar idol(Season-4) Winner ဆုနဲ့ လွဲခဲ့ရပါတယ်။ ဒါပေမယ့် winner ဆုရှင်ကို မိန်းကလေးဖြစ်စေချင်တဲ့ သူမရဲ့ ဆန္ဒတွေကတော့ ပြည့်ဝခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ မအက်စတာ winner ရသွားတာ အရမ်းပျော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမီးလည်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးတယ်။ ဒီနှစ်တော့ မိန်းကလေး winner ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒမှာ မ အက်စတာ ရသွားတာ ပိုဝမ်းသာတယ်။ သူလည်းအရမ်းပျော်နေမှာပါ။ သူလည်း တကယ် ရချင်ပါတယ်” လို့ ဝမ်းသာအားရနဲ့ ပြောပြခဲ့ပါတယ်။
“ မအက်စတာက winner song ကိုလည်း သမီးတို့ကို ပေးဆိုလို့ အရမ်းဝမ်းသာတယ်။ ဒီသီချင်းဟာ သူငယ်ချင်းတွေကို ကိုယ်စားပြုသလိုပဲ အားလုံးကလည်း အတူတူပေးဆိုမယ်လို့ အမြဲတမ်းပြောလေ့ရှိပါတယ်။ သမီးကတော့ ပညာရေးနဲ့အတူ အနုပညာအလုပ်တွေ ဆက်ပြီးတော့ လုပ်သွားမယ်။ အခုဆိုရင် ပရိသတ်တွေလည်း ထပ်ပြီးတော့ ရနေပြီ။ ငယ်ငယ်ကတည်းက အားပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတော့ သမီးကို ဆက်လက် အားပေးကြပါလို့ ပြောချင်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက Myanmar idol (Season-4) Final ပြိုင်ပွဲကြီးအပြီးမှာ ဖြေဆိုခဲ့တာပါ။
အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Vote နံပတ် No.77711 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ
ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။