ဖြူဖြူကျော်သိန်းကတော့ အဆိုတော်တစ်ယောက်ရဲ့ သီချင်းအခွေတစ်ခွေကို သိန်းရာချီ အကုန်ခံပြီးထုတ်လုပ်ပေးမယ့် ထုတ်လုပ်သူတွေ နည်းသွားတဲ့ ဂီတလောကအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။
Photo: Phyu Phyu Kyaw Thein
ဖြူဖြူကျော်သိန်းကတော့ အခုချိန်မှာ တိုးတက်မှုအရှိန်အဟုန်မြင့်လာတဲ့ ရုပ်ရှင်လောကကို အဆိုတော်တစ်ယောက်အနေနဲ့ အားကျမိတဲ့အကြောင်းတွေ ရင်ဖွင့်လာပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်သလို သီချင်းအခွေတွေ ထုတ်ပေးမယ့် ထုတ်လုပ်ရေးတွေ အားနည်းသွားတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။
“ဖြူဖြူတို့က ဂီတဘက်ကနေပြီးတော့ ကြိတ်အားကျနေရတာပါ။ ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ရေးတိုက်တွေက အပြိုင်အဆိုင် သိန်း ထောင်ချီ အကုန်အကျခံပြီး လုပ်ကြတာမြင်ရင်လေ သြော်..ငါတို့ ဂီတလောကမှာလည်း ဟိုးအရင်ခေတ်တုန်းကလိုမျိုး အဆိုတော်တွေရဲ့ အခွေကို သိန်း ရာချီပြီး အဆိုတော်အသစ်တွေရော၊ အဟောင်းတွေရောကို သီချင်းကောင်းလေးတွေ ဝယ်ပြီး ထုတ်ပေးမယ်ဆိုရင် ကောင်းမှာပဲ ဆိုပြီးတော့ Bottom ထိုင်နေရတဲ့ ဂီတလောကအတွက် စိတ်လည်းမကောင်းဘူး၊ ဝမ်းနည်းတယ်။ ဒါပေမယ့် မုဒိတာပွားနေရတာပေါ့လေ” လို့ သူက ဆိုပါတယ်။
Photo: Phyu Phyu Kyaw Thein
သီချင်းအခွေတွေကို အားပေးမယ့် ပရိသတ်တွေလည်း မရှိသလောက် ရှားသွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
“ ဖြူဖြူတို့မှာဆိုရင် ထုတ်လုပ်ရေးတွေခဗျာ ဆယ်စုနှစ်တစ်စု ကျော်သွားခဲ့ပြီ သူတို့ မထုတ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ထုတ်တဲ့အရာတွေက နည်းမှန်၊ လမ်းမှန်ကနေ ပြန်မဝင်တော့ဘူး။ ဖြူဖြူတို့ ထုတ်လုပ်လိုက်တဲ့ ဂီတထုတ်ကုန်လေးတွေက ပံ့သကူဖြစ်သွားကြတာ။ ဒါကြောင့် ဘယ်စီးပွားရေးသမားက ပိုက်ဆံပြန်မဝင်တဲ့အလုပ်ကို လုပ်မှာလဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်က ပန်း”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Phyu Phyu Kyaw Thein
ဖြူဖြူကျော်သိန်းကတော့ အခုလက်ရှိ အဆိုတော်တွေကိုယ်တိုင်က ဂီတအလုပ်ကို ရူးသွပ်ကြတဲ့အတွက် နယ်လှည့် သီချင်းဆိုလို့ရတဲ့ အနုပညာကြေးတွေကို စုပြီး သီချင်းတွေ ထုတ်နေရတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။
“ ဖြူဖြူတို့ ဂီတလောကဟာ အနုပညာနယ်ပယ်ထဲမှာ Bottom ထိုင်နေတာ ကြာပါပြီ။ ကြီးသည်၊ ငယ်သည်မဟုတ်ဘူး။ အများကြီးပဲ။ Bottom ထိုင်ယုံတင်မကလို့ ဂီတလောကထဲကနေ ပျောက်သွားတဲ့ သူတွေမှ အများကြီးပဲ။ ဂီတသမားတွေကလည်း ဒရာမာ မခင်းတတ်ကြဘူး။ အင်တာဗျူးတွေမှာ ဖြေထားတာ တွေ့ရင်တောင် အစ်ကိုတွေ၊ အစ်မတွေ၊ မောင်လေးတွေက ဆူတောင် ဆူနေဦးမှာ” ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
Photo: Phyu Phyu Kyaw Thein
ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ သူမက ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ အခုချိန်မှာလည်း Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။