အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ အဆိုတော် အစ္စဏီအတွက် ဂီတညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီး အယူခံဝင်သွားမယ်လို့ သိရပါတယ်။ ညီအစ်ကိုလို ချစ်တဲ့စိတ်ကြောင့် လူမှုရေးအရ အခုလို ဆောင်ရွက်တာလို့လည်း သူကပြောပါတယ်။
ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီကို တာမွေတရားရုံးကနေ ဒီဇင်ဘာ၇ရက်နေ့က တာမွေမြို့နယ် တရားရုံး မှာ ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဒီ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ဂီတအနုပညာရှင်တွေ စုပေါင်းကာ အယူခံဝင်သွားမယ်လို့ ဂီတမှူး နိုင်ဇော်က ပြောပါတယ်။
"တေးသံရှင်အစ္စဏီ၏အယူခံကိုမကြားနာမှီအချိန်အတွင်းဂီတအနုပညာရှင်ညီအကိုမောင်နှမများ၏အကူအညီလိုအပ်နေပါသဖြင့်ပါဝင်ကူညီလိုသောအနုပညာရှင်များကိုဖိတ်ခေါ်အပ်ပါသည်။ အစ္စဏီအနေဖြင့်လက်ရှိချမှတ်ထားသောထောင်ဒါဏ်၇နှစ်ဆိုသောအပြစ်သည်(ကာယကံရှင်မိန်းကလေးဘက်မှကျေအေးပါသည်ဟုလက်ခံပါရက်နှင့်အမြင့်ဆုံး) အပြစ်ဒဏ်ချမှတ်ခံရသောကြောင့်သူ့အနာဂါတ်အနုပညာကိစ္စများဆက်လက်ဆောင်ရွက်နိုင်ရန် နှင့်သူ့မိခင်ကြီးကိုပြုစုပြီးအမှားများပြင်ဆင်နိုင်ရန်ု (အချို့သောထုတ်ဖော်မပြောသင့်သည့်အချက်များအရ) တရားဥပဒေ၏သနားငှဲ့ညာမှု့ ဖြင့်အပြစ်ဒဏ်ကိုလျှော့ပေါ့ပေးသင့်ပါသည် ဟုယူဆမိပါသည်" ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Naing Zaw
အစ္စဏီရဲ့ အနာဂတ်၊ မိသားစု အတွက်နဲ့ ပတ်သက်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ကူညီသွားမယ်လို့ နိုင်ဇော်က ပြောပါတယ်။ နာမည်ကြီးချင်လို့ အခုလို ဆောင်ရွက်ရတာ မဟုတ်ဘူးလို့လည်း သူက ပြောပြခဲ့ပြန်ပါသေးတယ်။
"ထို့ကြောင့်သက်ဆိုင်ရာဥပဒေတာဝန်ရှိသူလူကြီးများထံအသနားခံစာတင်သွင်းပေးရန်အတွက်ပါ ဝင်ကူညီလိုသော ဆန္ဒရှိသူအနုပညာသမား ဂီတမိတ်ဆွေ များ ကို ဖိတ်ခေါ်အပ်ပါသည်။ တင်သွင်းမည့်စာတွင်ပါဝင်လိုသူများကျွန်တော့်ဆီသို့ cbမှဖြစ်စေ၊ 095110432 သို့viberမှဖြစ်စေ။ Message box မှဖြစ်စေဆက်သွယ်စာရင်း ပေးနိုင်ပါသည်။ ပါဝင်သောသူများ၏နာမည်များကိုမည်သူမှမသိစေရန်လျှို့ဝှက်ပေးပါမည်။ လူမှု့ရေးပရဟိတစိတ်ဖြင့်သာကျွန်တော့် အနေဖြင့်ပါဝင်ကူညီခြင်းဖြစ်ပြီးအမှားအမှန်မည်သူ့ကိုမှနစ်နာစေလိုသောစိတ်ဖြင့်ပါဝင်ခြင်းမဟုတ်ပါ ဂီတသမားများနေနိုင်လွန်းသည်ဟူသောစကားကိုမခံယူချင်ပါသဖြင့် နာမည်ကြီးသည်ငယ်သည်မရွေးပါဝင်ကူညီသင့်ပါသည်ဟုတိုက်တွန်းအပ်ပါသည်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။
တရားခံ အစ္စဏီကို တရားလို စူးရှထက်ဘက်က၂၀၁၉ခုနှစ်၊ သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စဏီအမှုဟာ ၂၀၁၈ခုနှစ်၊ ဧပြီ(၁၂) ရက်နေ့က စတင်ခဲ့ပြီး အချုပ်ကျရင်းနဲ့ အချိန် (၂)နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဆိုတော် အစ္စဏီ နှင့် မော်ဒယ် စူးရှထက် အမှု 2018/2019