အံ့အားသင့်ဖွယ်လွဲချော်မှုအပြီးမှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်းနားဆိုးလ်ရှားဟာ ယမန်နေ့ညက အက်စ်တာနာအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို ကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ တာဟစ်ချောင်ကို ကာကွယ်ပြောဆိုခဲ့ပြီး အတွေ့အကြုံရင့်ကျက်မှုနဲ့ဆိုင်တယ်လို့ ပြောကြားခဲ့ကြောင်း Metro ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနို်က်တက်နည်းပြဆိုးလ်ရှားဟာ ကြာသပတေးနေ့ညပွဲစဉ်မှာ လူငယ်ကစားသမားသစ် ၃ ဦးကို ပွဲဦးထွက်ပါဝင််ကစားခွင့်ပေးခဲ့ပြီး အတွေ့အကြုံမရှိသေးတဲ့ ဆယ်ကျော်သက် ၇ ဦးအထိ လူစာရင်းထဲမှာ ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စ်တာနာအသင်းနဲ့ပွဲစဉ်မတိုင်မီကတည်းက ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် နည်းပြဆိုးလ်ရှားက လူငယ်ကစားသမားတွေကို အတွေ့အကြုံရရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဂျက်ဆီလင်ဂတ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲဲ့ပြီး ပထမပိုင်း ၁၀ မိနစ်မှာပဲ ပင်နယ်တီဧရိယာထိပ်ကနေ အဖွင့်ဂိုးကို အပြင်းကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ လုခ်ရှောခင်းပေးလိုက်တဲ့ ဘောလုံးကို တာဟစ်ချောင်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် သက်တောင့်သက်သာနဲ့ နိုင်ပွဲရရှိခဲ့မှာဖြစ်ပေမယ့် တာဟစ်ချောင်က လွဲချော်ခဲ့တာဖြစ်ပါတယ်။

တာဟစ်ချောင်အတွက် အခြေအနေပိုဆိုးသွားစေခဲ့တာက အက်စ်တာနာအသင်းဟာ လျင်လျင်မြန်မြန်ပဲ ယူနိုက်တက်ကွင်းဘက်ခြမ်းကို ဘောလုံးပေးပို့ခဲ့ပြီး ဒီမီထရီရွှန်ကိုက ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ပါဝင်ကစားခဲ့တဲ့ လူငယ်ကစားသမားဖြစ်တဲ့ ဒီရွှန်ဘားနတ်ကလည်း ချေပဂိုးပေးခဲ့ရပြီး ၇ မိနစ်အကြာမှာပဲ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် အက်စ်တာနာအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

၅၄ မိနစ်မှာ အပိုင်ဂိုးရရှိမယ့်အခွင့်အရေးကို လွဲချော်ခဲ့တဲ့ တာဟစ်ချောင်ရဲ့ဖြစ်စဉ်ကို မေးမြန်းခဲ့ရာမှာ နည်းပြဆိုးလ်ရှားက အခုလိုပဲ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

“တိုက်စစ်ကစားသမား ဒါမှမဟုတ် တိုက်စစ်မှူး မဟုတ်တဲ့သူက အခွင့်အရေးတွေလွဲချော်တာကို စိုးရိမ်စရာမရှိပါဘူး”

“ဒါက အတွေ့အကြုံရင့်ကျက်မှုနဲ့ဆိုင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကလည်း အဲဒီလို လုပ်ခဲ့ဖူးတယ် ထင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က