တနင်္ဂနွေနေ့ည ၈ နာရီ ၃၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားကွက်တည်မရခဲ့ဘဲ ထိရောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှုလည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ မကြုံစဖူးဒဏ်ရာရကစားသမား များပြားခဲ့ပြီး ပထမပိုင်းမှာပဲ ကစားသမား ၃ ဦးအထိ လူစားလဲလှယ်ခဲ့ရပါတယ်။ လီဗာပူးအသင်းကလည်း ဖာမီနို ဒဏ်ရာရရှိသွားတာကြောင့် စတားရစ်ဂျ်နဲ့ လူစားလဲလှယ်ပြီး ကစားစေခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံမကောင်းခဲ့ဘဲ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကို ယာဂင်ကလော့ပ်က ထူးဆန်းပြီး ကပ်ဆိုးတစ်ခုလိုပဲလို့ ပြောကြားခဲ့ပါတယ်။
“အရမ်းထူးဆန်းတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ကောင်းမွန်တဲ့စတင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ “ပွဲစဉ်အတွင်းမှာ ကစားသမားတွေ ဒဏ်ရာရရှိသွားမှုက ပွဲရဲ့စည်းချက်ကို ပျက်စေခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် ကပ်ဆိုးတစ်ခုပါပဲ။ ယူနိုက်တက်က လုံးဝ ကွင်းလယ်အသစ်နဲ့ ကစားခဲ့တာပါ။ ကျွန်တော်တို့်ရဲ့ စည်းချက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပြီး ပြန်ရအောင် မလုပ်နိုင်ခဲ့ပါဘူး။ ပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ကို အနိုင်ယူလို့ရတဲ့နေ့မှာ ခင်ဗျား အနိုင်ယူရမှာပဲလေ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်မယူနိုင်ခဲ့ဘူး”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။