အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေး ဂိုးသွင်းပြီးတိုင်း ကမ္ဘာပေါ်ကကျော်ကြားတဲ့ နာမည်ကျော်တွေသေဆုံးတတ်တဲ့ ထူးခြားတဲ့တိုက်ဆိုင်မှုရှိနေတာကို တစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တွေ သိထားကြပါတယ်။ အခုလည်း ရမ်ဆေးတစ်ယောက် ဒီစံချိန်ကိုဆက်ထိန်းထားတယ်လို့ဆိုနိုင်ပြီး စနေနေ့က စပါးကိုဂိုးသွင်းပြီးနောက် ဒီနေ့မှာ ကမ္ဘာကျော် ရော့ခ်အဆိုတော် ကိသ်ဖလင့်တ် ကွယ်လွန်ခဲ့ပါတယ်။
အာရွန်ရမ်ဆေး ဂိုးသွင်းပြီဆိုတာနဲ့ ကမ္ဘာပေါ်က နာမည်ကျော်တွေသေဆုံးတတ်တာက ထူးခြားတဲ့တိုက်ဆိုင်မှု အဖြစ် ဘောလုံးပရိသတ်တွေသတ်မှတ်ထားကြပါတယ်။ စနေနေ့က ရမ်ဆေး စပါးကိုဂိုးသွင်းပြီးနောက်မှာလည်း နောက်ထပ်ဘယ်လိုတိုက်ဆိုင်မှုမျိုးတွေဖြစ်မလဲဆိုပြီး အားလုံးက ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေခဲ့တာပါ။ ဒီနေ့မှာတော့ ကမ္ဘာကျော် ရော့ခ်အဆိုတော် ကိသ်ဖလင့်တ်တစ်ယောက် သေဆုံးသွားပြီဆိုတဲ့စိတ်မကောင်းစရာသတင်းက ရမ်ဆေးသူ့စံချိန်ကို ဆက်ထိန်းထားနိုင်တယ်လို့ပြောရမလိုဖြစ်နေပါပြီ။
၁၉၉၀ကတည်းက တည်ထောင်ခဲ့တဲ့ The Prodigy ရဲ့ပင်တိုင်အဆိုတော် ရော့ခ်ဂီတပညာရှင် ကိသ်ဖလင့်တ်ဟာ အသက် ၄၉နှစ်အရွယ်မှာကွယ်လွန်ခဲ့တာပါ။ ရမ်ဆေးဂိုးသွင်းအပြီး တစ်ရက်အကြာမှာ သေဆုံးခဲ့ရလို့ တိုက်ဆိုင်မှုတွေဟာ ရပ်တန့်မသွားသေးဘူးလို့ဆိုနိုင်ပါတယ်။
ရမ်ဆေးဟာ ရာသီကုန်ရင် ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့တော့မှာဖြစ်လို့ စပါးနဲ့ပွဲဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝနောက်ဆုံးကစားခွင့်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ရမ်ဆေးဟာ အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ချေပဂိုးကိုပြန်လည်ခွင့်ပြုခဲ့ရလို့ တစ်ဂိုးစီသရေသာဖြစ်ခဲ့ပါတယ်။
ရမ်ဆေးရဲ့ဒီတိုက်ဆိုင်မှုဟာ ၂၀၀၉ခုနှစ်ကတည်းစတင်ခဲ့ပြီး ၂၀၀၉ခုနှစ်သြဂုတ်လ ၂၂ရက်မှာ ပို့စ်မောက်ကို ရမ်ဆေးဂိုးသွင်းခဲ့ပြီးနောက် အမေရိကန်လွှတ်တော်အမတ် တဒ်ကင်နဒီသေဆုံးခဲ့ပါတယ်။ ရမ်ဆေးဂိုးသွင်းပြီးနောက်မှာ သေဆုံးခဲ့ကြတဲ့ နာမည်ကျော်အရေအတွက် ၁၆ဦးအထိရှိပြီး ကိသ်ဖလင့်တ်က ၁၇ဦးမြောက်ပါ။
ရမ်ဆေးဂိုးသွင်းအပြီး တိုက်တိုက်ဆိုင်ဆိုင် သေဆုံးခဲ့တဲ့ ကမ္ဘာကျော်တွေကတော့ အကြမ်းဖက်ခေါင်းဆောင်အိုစမာဘင်လာဒင်၊ Apple တည်ထောင်သူစတိဗ်ဂျော့၊ လစ်ဗျားစစ်အာဏာရှင်ကဒါဖီ၊ ပေါ့ပ်စတား ဟော့စတန်၊ ဘတ်စကတ်ဘောကစားသမား ရေးဝီလီယမ်၊ ရှရှသူဌေး ဘိုရစ်၊ ကမ္ဘာကျော်သရုပ်ဆောင် ပေါလ်ဝေါ်လ်ကာ၊ ကမ္ဘာကျော်သရုပ်ဆောင် ရော်ဘင်ဝီလျံ၊ သရုပ်ဆောင် ဒေးဗစ်ဘိုဝီ၊ ဗြိတိန်သရုပ်ဆောင် အလန်ရစ်ခ်မန်၊ အမေရိကန်သမ္မတကတော်ဟောင်းလည်းဖြစ် ရုပ်ရှင်မင်းသမီးလည်းဖြစ်တဲ့ နန်စီရီဂန်၊ တီဗီစတား ဘရုစ်၊ ဟာသသရုပ်ဆောင် ဆာကင်ဒေါ့၊ ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ပ်ကင်း၊ ဂီတပညာရှင် အဲရစ်ဘရစ္စတိုးတို့ဖြစ်ပါတယ်။