နော်ဝှစ်ချ်တိုက်စစ်မှူးဂျို့စ်ဆားဂျန့်ဟာ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးတွေဖြစ်ပြီး ပထမဆုံးဂိုးကို သွင်းယူခဲ့ရာမှာတော့ လှပတဲ့ Scorpion Kick နဲ့ သွင်းယူသွားခဲ့လို့ ပိုပြီးအမှတ်ရဖွယ်ဖြစ်လာခဲ့ပါတယ်။
တန်းဆင်းဇုန်တွင်းက လွတ်မြောက်ဖို့ရုန်းကန်နေရတဲ့ အသင်းနှစ်သင်းတွေ့ဆုံမှုမှာ နော်ဝှစ်ချ်က ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ဆားဂျန့်က အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ အသင်းဖော်တီမူပူကီရဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးပေါက်နဲ့အနီးကပ်မှာရှိနေတဲ့ ဆားဂျန့်က လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဝါဒါဘရီမင်လူငယ်အသင်းကနေ ထွက်ပေါ်လာပြီး အသင်းကြီးအတွက် ၄ ရာသီကစားပေးခဲ့တဲ့ ဆားဂျန့်ဟာ ဒီရာသီကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲအထိ ဝင်ကစားပေးခွင့်ရခဲ့ပေမယ့် တဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး။ ဝက်ဖို့ဒ်နဲ့ပွဲမှာမှ ဂိုးတွေရရှိခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အမေရိကန်တိုက်စစ်မှူးအတွက်တော့ မမေ့နိုင်စရာပွဲဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ သွင်းဂိုးဟာ အာဆင်နယ်တိုက်စစ်မှူးဟောင်းဂီရော့ဒ်၊ ယူနိုက်တက်ကွင်းလယ်တိုက်စစ်ကစားသမားမီခီတာရန်တို့ရဲ့ သွင်းဂိုးတွေကိုပါ ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ အဆိုပါကစားသမားတွေကလည်း Scorpion Kick နဲ့ ဂိုးတွေသွင်းယူခဲ့ဖူးသူတွေဖြစ်ကာ ဆားဂျန့်ကသွင်းဂိုးက သူတို့လောက်တော့ မပြောင်မြောက်ခဲ့ပေမယ့်လည်း ရှားရှားပါးပါးမြင်တွေ့ခဲလှတဲ့ ကန်သွင်းချက်နဲ့ ဂိုးသွင်းယူနိုင်မှုတော့ ဖြစ်လာခဲ့ပါတယ်။