မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရဲ့ နေရာတွေမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် လူငါးဦး သေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ပြောပါတယ်။


(Photo: AP)

ဂျကာတာမြို့ခံ ထောင်နဲ့ချီပြီး ၎င်းတို့နေအိမ်များ ရေလွှမ်းနေတာကြောင့် အိမ်မပြန်နိုင်ကြသေးကြောင်းလည်း သိရပါတယ်။ သမ္မတနန်းတော်၊ အဓိက ဆေးရုံတစ်ရုံနဲ့ ဂျကာမြို့တစ်လျှောက် နေရာအားလုံးမှာ ရွှံ့ရေများ ဖုံးလွှမ်းနေခဲ့တယ်လို့ ဆိုပါတယ်။ ရေကြီးမှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ နေရာတွေမှာ ရေနစ်ခြင်း သို့မဟုတ် ဓာတ်လိုက်ခြင်းတို့ကြောင့် လူငါးဦးသေဆုံးခဲ့ပြီး ဆယ်ကျော်သက်အရွယ် နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။



(Photo: AP)

ပျောက်ဆုံးနေသူ သုံးဦးကို ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်းနဲ့ လူဦးရေ ၂၀,၀၀၀ နီးပါးဟာ အရေးပေါ် ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ကြောင်း အဆိုပါဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Agus Wibowo က AFP သတင်းဌာနကို ပြောပါတယ်။ ရေကြီးမှုဖြစ်ပွားတဲ့ ဂျကာတာမြို့ရဲ့ နေရာအချို့မှာ ရေအနက် ၃ ပေကျော်မှ ၄ ပေကျော်အထိဖြစ်ခဲ့ကြောင်း၊ သို့သော် ယနေ့မှာတော့ ရေပြန်ကျသွားခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ဆိုင်ကလုန်းမုန်တိုင်းများအရှိန်ကြောင့် ဂျာဗား၊ ဘာလီနဲ့ နူဆာတန်ဂါရာကျွန်းများတစ်လျှောက် ရာသီဥတုဆိုးရွားခဲ့ကြောင်း မိုးလေဝသနဌာနက ပြောပါတယ်။

(Photo: AP)

ဂျာဗားကျွန်းတောင်ပိုင်း ပင်လယ်ပြင်မှာ ရေလှိုင်းများမြင့်တက်နိုင်ကြောင်းလည်း မိုးလေဝသဌာနက သတိပေးထားပါတယ်။ မြေနိမ့်ပိုင်းမှာတည်ရှိတဲ့ ဂျကာတာမြို့ဟာ နှစ်စဥ် နိုဝင်ဘာလမှစတင်တဲ့ အင်ဒိုနီးရှားရဲ့ မိုးရာသီကာလအတွင်း ရေကြီးမှုတွေ ကြုံရလေ့ရှိပါတယ်။ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး နှစ်အတန်ကြာအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ရာ လူ ၇၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က