ဂျကာတာမြို့အပြင်ဘက်ရှိ အိမ်ရာတစ်ခုအတွင်း မြေကွက်တစ်နေရာမှာ ရေဒီယိုသတ္တိကြွမှု မြင့်တက်နေခြင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ အင်ဒိုနီးရှား နျူကလီးယားဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။
(Photo: Reuters)
ပြည်သူတွေအနေနဲ့ အထိတ်တလန် မဖြစ်ကြရန်လည်း အာဏာပိုင်တွေက ဖေဖေါ်ဝါရီ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှား Nuclear Energy Regulatory Agency (Bapeten) က သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ရေဒီယိုသတ္တိကြွမှု မြင့်တက်နတဲ့ မြေကွက်နေရာနဲ့ အဝေးမှာနေကြရန် အိမ်ရာမှာ နေထိုင်သူတွေကို ပြောထားပါတယ်။
ရေဒီယိုသတ္တိကြွမှုရှိတဲ့ မြေကွက်နေရာဟာ ဂျကာတာမြို့တောင်ဘက် ၂၇ မိုင်အကွာရှိ Serpong အရပ်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားမီဒီယာက ဖော်ပြမှုအရ ထိုမြေကွက်ဟာ ဘောလီဘောကစားကွင်းတစ်ကွင်းဘေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထိုဧရိယာအတွင်း ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း ရေဒီယိုသတ္တိကြွမှု စစ်ဆေးခဲ့ရာ ရေဒီယိုသတ္တိကြွပစ္စည်း Caesium-137 ကို တွေ့ရှိခဲ့ရကြောင်း Bapeten က ပြောပါတယ်။
(Photo: Indonesia Expat)
ထိုမြေနေရာမှာ ရေဒီယိုသတ္တိကြွမှု မြင့်တက်နေကြောင်း တွေ့ရှိရတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အိမ်ရာမှာ နေထိုင်ကြသူအချို့ကြား စိုးရိမ်ပူပန်မှုတွေရှိနေပြီး ရေဒီယိုသတ္တိကြွမှုဖြစ်စေတဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်မှာ စစ်ဆေးခဲ့မှုအတွင်း ထိုမြေကွက်နေရာမှာ ရေဒီယိုသတ္တိကြွမှုဟာ ပုံမှန်သတ်မှတ်ချက်ဖြစ်တဲ့ 0.03 microSv per hour ထက်မြင့်တက်ကာ 680 microSv per hour ဖြစ်နေခဲ့တာကို တွေ့ရှိခဲ့ရကြောင်း Bapeten ပြောခွင့်ရပုဂ္ဂိုလ် Abdul Qohhar က Reuters သတင်းဌာနကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ပြောပါတယ်။
(Photo: Reuters)
ရေဒီယိုသတ္တိကြွမှု မြင့်တက်နေရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ယခုလက်ရှိ ရေဒီယိုသတ္တိကြွမှု အခြေအနေပေါ် အိမ်ရာမှာနေထိုင်ကြသူတွေအနေနဲ့ စိုးရိမ်စရာမလိုကြောင်း Abdul Qohhar က ဆိုပါတယ်။ နောက်ဆက်တွဲ သတင်းအရ ရေဒီယိုသတ္တိကြွမှု မြင့်တက်နေတဲ့နေရာမှ မြေများကို တူးဖော်သယ်ယူရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။
ရေဒီယိုသတ္တိကြွပစ္စည်း Caesium-137 ပမာဏအများအပြားနဲ့ ထိတွေ့မိပါက အသားအရေလောင်ကျွမ်းခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်းနဲ့ အချို့ဖြစ်ရပ်တွေမှာ အသက်ဆုံးရှုံးနိုင်တဲ့အထိပင် ဖြစ်နိုင်ပါတယ်။ Caesium-137 ဟာ ကင်ဆာဖြစ်ပွားမှုကိုလည်း မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။