ဂျကာတာမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း မိုးရွာသွန်းမှု အသည်းထန်ဆုံးဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုအတွင်း သေဆုံးသူအရေအတွက် အနည်းဆုံး ၆၆ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

(Photo: Reuters)

ဂျကာတာမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း မိုးရွာသွန်းမှု အသည်းထန်ဆုံးဖြစ်ခဲ့ပြီးနောက် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ (ဇန်နဝါရီ ၆ ရက်) အထိ စာရင်းတွေအရ ရေကြီးမြေပြိုမှုတွေကြောင့် ဂျကာတာမြို့နဲ့ ပတ်ဝန်းကျင် နေရာဒေသတွေမှာ လူ ၆၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။ ဂျကာတာနဲ့ ပတ်ဝန်းကျင်မှာ နောက်ထပ် မိုးသည်းထန်မှုတွေ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။



ရေကြီးမှုတွေကြောင့် ဂျကာတာနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ လူဦးရေ ၁၇၀,၀၀၀ ယာယီခိုလှုံရေဂစခန်းတွေမှာ ရွှေ့ပြောင်းနေခဲ့ရပါတယ်။ ဂျကာတာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှစပြီး ယခုနှစ်သစ်ရဲ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းအထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာမှာ ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်လာခဲ့ပါတယ်။

(Photo: Reuters)

မိုးရွာသွန်းမှုကို ဟန့်တားနိုင်ရန်အတွက် ဆန်ဒါရေလက်ကြား (Sunda Strait) ကောင်းကင်ယံရှိ မိုးတိမ်တွေကို ဖြိုခွဲပစ်ရန် လေယာဥ်ငယ်နှစ်စီးကို အဆင်သင့်ပြင်ထားကြောင်းနဲ့ နောက်ထပ် လေယာဥ်ကြီးတစ်စီးကိုလည်း ပြင်ဆင်ထားစေကြောင်း အင်ဒိုနီးရှား နည်းပညာဌာန BPPT က အစောပိုင်း ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

"မိုးတိမ်တွေအားလုံးက ဂရိတ်တာဂျကာတာ (Greater Jakarta) ဒေသကို ဦးတည်ရွေ့လျားနေပါတယ်၊ အဲဒီ မိုးတိမ်တွေက ဒီမှာ မိုးရွာလာမယ်လို့ ခန့်မှန်းထားပါတယ်၊ မိုးတိမ်တွေကို NaCl (ဆိုဒီယမ်ကလိုရိုက် - sodium cloride) နဲ့ ပစ်ပြီးဖြိုခွဲသွားမှာပါ" လို့ BPPT က ဆိုပါတယ်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် မိုးရွာသွန်းမှုဖြစ်စေမယ့် မိုးတိမ်တွေဟာ Greater Jakarta ကို ရောက်ရှိမလာမီ ပြိုကွဲလွင့်ပါးသွားမယ်လို့ BPPT က တွက်ဆမျှော်လင့်ထားကြောင်း Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

(Photo: AFP)

လူဦးရေ သန်း ၃၀ ရှိတဲ့ ဂျကာတာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေကြီးမှုတွေကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားရပြီး ရထားခရီးစဥ်ပြေးဆွဲမှုနဲ့ လေကြောင်းခရီးစဥ်များ ဖျက်သိမ်း၊ နှောင့်နှေးမှုတွေလည်းရှိခဲ့ပါတယ်။ ဂျကာတာမှာ ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အဆိုးရွားဆုံး ရေကြီးမှုဖြစ်ခဲ့ဖူးပြီး လူ ၈၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ထို့အတူ ၂၀၁၃ ခုနှစ်ကလည်း ဂျကာတာမှာ ရေကြီးမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာ လူ ၄၇ ဦး သေဆုံးခဲ့ပြီး ယခု လတ်တလော ရေကြီးမှုအတွင်း သေဆုံးမှုဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က