လူမှုကွန်ရက်က မှတ်ချက်တစ်ခုကို Liked ပြုလုပ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ၎င်းထက်ပိုပြီး ဂျက်ဆီလင်ဂတ်ကို ပွဲထွက်ခွင့် ပိုမိုပေးနေတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြောင်းကို လူမှုကွန်ရက်မှာ ပြသခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဖရက်ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက ရှက်တာဒိုးနတ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းသမိုင်းတလျှောက်မှာ ပဉ္စမမြောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဖရက်ဒ်ဟာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ တစ်ပွဲမှ ပါဝင်ခဲ့ခြင်းမရှိသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဟာရဲရား၊ ဆန်းချက်ဇ်၊ ဗလင်စီယာတို့ကို ထွက်ခွာခွင့်ပြုခဲ့ပေမယ့် ဖရက်ဒ်အတွက် ပွဲထွက်ခွင့် ပိုမိုရရှိလာခြင်းမရှိသေးတာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ခံစစ်ကိုသာ အဓိကအင်အားဖြည့်တင်းခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်ထက်ပိုပြီး မက်တွန်မ်နေး၊ ပါရဲရား၊ လင်ဂတ်၊ မာတာတို့ကို ပေါ့ဂ်ဘာနဲ့အတူ ပွဲထွက်ခွင့် ပိုမိုပေးအပ်နေတာဖြစ်ပါတယ်။ ဖရက်ဒ်က လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြောင်းကို ယခုအပတ် အင်စတာဂရမ်မှာ အရိပ်အမြွက် ပြသခဲ့ပုံရပြီး ပရီသတ်တစ်ဦးက ရေးသားခဲ့တဲ့ ‘ဖရက်ဒ်က လင်ဂတ်ထက် ပိုကောင်းတယ်’ဆိုတဲ့ မှတ်ချက်ကို Liked ပေးခဲ့တာဖြစ်ပါတယ်။


ဖရက်ဒ်ဟာ ယခုလို လူမှုကွန်ရက်မှာ မကျေနပ်ချက်ကို အရိပ်အမြွက် ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံး မန်ချက်စတာယူနိုက်တက်ကစားသမားမဟုတ်ဘဲ ပြီးခဲ့တဲ့အပတ်က နီမန်ဂျာမာတစ်ကလည်း နည်းပြဆိုးလ်ရှားက ၎င်းကို ပွဲထွက်ခွင့်မပေးတဲ့အကြောင်းကို ဝေဖန်ထားတဲ့ပို့စ်တစ်ခုကို Liked ပြုလုပ်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က