ဆော်ဒီဘက်က ငြင်းဆန်ထားပါတယ်

၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ WhatsApp မက်ဆေ့ကတစ်ဆင့် Amazon အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ရဲ့ ဖုန်းအချက်အလက်တွေ ရယူခဲ့တဲ့ အမှုမှာ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသားလည်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂစုံစမ်းချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတော့ ဂျက်ဖ်ဘီဇော့စ် ကိုင်တဲ့ ဖုန်းထဲ ဆော်ဒီအစိုးရမှ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အတွင်းရေးအချက်အလက်များ ရယူသွားခဲ့တယ်လို့ ဘီဇော့စ်ရဲ့ လုံခြုံရေးအရာရှိချုပ်က ပြောခဲ့တာပါ။ The Guardian ရဲ့ နောက်ဆုံးရသတင်းတစ်ပုဒ်မှာတော့ ဒီအမှုမှာ ဆော်ဒီအစိုးရအပြင် ထီးနန်းလျာဖြစ်တဲ့ မိုဟာမက်ဘင်ဆယ်လ်မန်လည်း ပါဝင် ပတ်သက်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။




ဆော်ဒီအိမ်ရှေ့စံ မင်းသား (Photo: washingtonpost)

မင်းသားဟာ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့မှာ WhatsApp စာပို့စနစ်ကနေ တစ်ဆင့် ဘီဇော့စ်ကို ဗွီဒီယိုဖိုင်တစ်ခု ပေးပို့ခဲ့ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ပါတဲ့ အကြောင်းအရာ မသိရပေမယ့် ဖိုင်ကို ဖွင့်ကြည့်ပြီးတဲ့နောက်မှာ ဘီဇော့စ်ဖုန်းထဲက အချက်အလက်တွေ ဖောက်ထွင်းခံလိုက်ရတာပါ။

အခင်းဖြစ်ပွားချိန်မှာ ဘီဇော့စ်နဲ့ ဆော်ဒီမင်းသားတို့ဟာ ရင်းရင်းနှီးနှီး စကားဆိုနေခဲ့တာ ဖြစ်ပြီး ဗွီဒီယိုဖိုင်ဖွင့်ကြည့်ပြီးတဲ့နောက် နာရီပိုင်းအတွင်း ဖုန်းထဲက အချက်အလက်အမြောက်အများ ကူးပြောင်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဂျက်ဖ်ဘီဇော့စ်ရဲ့ ဖုန်းထဲက ဘယ်အချက်အလက်တွေ ခိုးယူခံရပြီး ဘယ်နေရာမှာ အသုံးချနေသလဲဆိုတာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထဲမှာတော့ National Enquirer သတင်းစာကနေ ဘီဇော့စ်နဲ့ ၎င်းတို့သတင်းစာတိုက်က သတင်းကြေညာသူ လော်ရန်ဆန်းချက်ဇ်တို့ ချိန်းတွေ့တဲ့အကြောင်း တင်ခဲ့သလို ဒီသတင်းစာရဲ့ မိခင်ကုမ္ပဏီ American Media Inc မှ လော်ရန်ဆန်းချက်ဇ်ဆီ ပို့ထားတဲ့ ဘီဇော့စ်ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ပုံတွေနဲ့လည်း ခြိမ်းခြောက်ငွေညှစ်ဖို့ကြိုးစားနေတယ်လို့ ဘီဇော့စ်က စွပ်စွဲခဲ့ပါတယ်။


Photo: Vox

၂၀၁၉ မတ်လထဲမှာ ဘီဇော့စ်ရဲ့ လုံခြုံရေးအရာရှိချုပ် ဂါဗင်ဒီဘက်ကာမှလည်း ဆော်ဒီအစိုးရဟာ ဘီဇော့စ်ဖုန်းထဲ ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘီဇော့စ်ဖုန်းထဲက အချက်အလက်များကို ဆော်ဒီဘက်က ဖောက်ထွင်းခဲ့တယ် ဆိုတဲ့The Guardian ရဲ့ သတင်းဟာ အခြေအမြစ် မရှိကြောင်း ဆော်ဒီအာရေဗီယား ရဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဘီဇော့စ်ဟာ ဝါရှင်တန်ပို့စ်သတင်းစာတိုက် ပိုင်ရှင်လည်း ဖြစ်ပြီး ၂၀၁၈ အောက်တိုဘာလထဲမှာ ဒီသတင်းစာတိုက်ထဲက ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျမဲလ် ခါဆော့ဂီဟာ ဆော်ဒီနိုင်ငံ အစ္စတန်ဘူလ်မှာ အသတ်ခံခဲ့ရတဲ့ သတင်းကို အကျယ်တဝင့် ဖော်ထုတ် တင်ပြခဲ့ပါတယ်။။ CIA ရဲ့ နောက်ဆုံးစုံစမ်းမှုအရ ဒီလူသတ်မှုကို ဆော်ဒီအိမ်ရှေ့စံ မင်းသားက စေခိုင်းခဲ့တာလို့ ဖော်ပြထားပြီး ဒီအချက်ကိုလည်း ဆော်ဒီဘက်က ငြင်းဆန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က