ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ တရားမဝင် ပလတ်စတစ်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: The Daily Star)
ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက ဒါကာမြို့ အနောက်တောင်ဘက် ကီရာနီဂန်ဂျ်အရပ်ရှိ Prime Patent ပလတ်စတစ်စက်ရုံမှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး စက်ရုံမြေညီထပ်တစ်လျှောက် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။
(Photo: BanglaNews24)
ပလတ်စတစ်စက်ရုံ မီးလောင်မှုအတွင်း လူ ၂၀ နီးပါးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားစဥ် လူ ၁၅၀ ခန့်က စက်ရုံမြေညီထပ်မှာ အလုပ်လုပ်နေခဲ့ကြတယ်လို့ သိရပါတယ်။ မြေညီထပ်ရှိ အခန်းတစ်ခန်းထဲမှ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"အဲဒီအခန်းထဲမှာ အလုပ်လုပ်နေသူတွေ မီးလောင်ခံခဲ့ရတယ်၊ သူတို့က စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံပို့ခဲ့ပါတယ်" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ရှားဟ်ဇာမန်း AFP ကို ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ စက်ရုံဟာ တရားမဝင် လုပ်ကိုင်နေတာဖြစ်ပြီး မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ရန် သုံးနာရီကြာ ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ စက်ရုံပိုင်ရှင်တွေကို ရှာဖွေနေပြီး လူသတ်မှုဖြင့် စွဲချက်တင်ရန် စီစဥ်နေပါတယ်။
(Photo: Mahmud Hossain Opu/Dhaka Tribune)
မီးလောင်လွယ်တဲ့ ဂက်စ်အိုးရှစ်အိုး ထားရှိရာနေရာအနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒဏ်ရာရခဲ့သူ အသက် ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမား ဇာကာဟူစိန်က The Daily Star သတင်းစာကို ပြောပါတယ်။ ဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာ ဆမန်တာလာဆန်ရဲ့ အဆိုအရ ဒဏ်ရာရခဲ့တဲ့ အလုပ်သမားတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး အများအပြားဟာ မီးခိုးမွန်းကျပ်မှုနဲ့ ခန္ဓာကိုယ်နေရာအနှံ့ မီးလောင်ခံထားရကြောင်း သိရပါတယ်။
စက်ရုံမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း ဒေါက်တာက ပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ လိုက်နာမှုမရှိတာကြောင့် အထူးသဖြင့် ခြောက်သွေ့တဲ့ ဆောင်းရာသီကာလအတွင်း စက်ရုံမီးလောင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
(Photo: Rafiul Islam/The Daily Star)
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း အနောက်နိုင်ငံများမှ အပ်ထည်များကို ချုပ်လုပ်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံရဲ့ လူသေဆုံးမှုအများဆုံး မီးလောင်မှုတွေအနက် တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဒါကာမြို့ဟောင်းဘက်အခြမ်းရှိ သမိုင်းဝင် Mughal အဆောက်အအုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။