ဘင်္ဂလာဒေ့ရှ်က ခိုးဝင်လာသူ ၁၇ဦးအနက် တစ်ဦးမှာ ရောဂါပိုး တွေ့ထားပြီး ၄ဦးက ရောဂါမတွေ့ရှိဘဲ ကျန် ၁၂ဦးကို ဓာတ်ခွဲနမူနာစစ်ဆေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောဂါကူးစက်မှုမြင့်မားနေလို့ မြန်မာဘက်ကို ကို ပြန်လည်ခိုးဝင်လာသူ ၁၇ဦးထိရှိပြီး တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားရတယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။
ကနဦးပြန်လာသူ ၅ဦးရှိခဲ့ပြီး အဆိုပါ ၅ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ တစ်ဦးမှာ ရောဂါပိုးတွေ့ပြီး ကျန် ၄ဦးမှာတော့ ရောဂါပိုးမတွေ့ဘူးလို့သိရပါတယ်။
“နောက်ထပ်လည်း ခိုးဝင်လာသူ မောင်းတောမှာ ၄ဦး ဘူးသီးတောင်ဖက်မှာ ၈ဦး ရှိပြီး ကွာရန်တင်း ထားရှိကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးလျက်ရှိပါတယ်။”လို့ ဦးစိုးအောင်က ပြောပါတယ်။
အခု ပြန်လည်ခိုးဝင်လာသူတွေကတော့ ရခိုင်အကြမ်းဖက်ဖြစ်စဉ်တွေတုန်းက ထွက်ပြေးတိမ်းရှောင်သူတွေ ဖြစ်ပြီး အခုချိန်မှပြန်လည်ခိုးဝင်လာသူတွေလို့လည်းသိရပါသေးတယ်။
“လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ကပ်လျက်ရှိနေတဲ့အတွက် အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားပြီးဝင်လာသမျှ လူတိုင်းကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးလျက်ရှိပါတယ်။အခုလို ခိုးဝင်လာသူတွေကိုတော့ ဥပဒေအရဆိုရင် လဝက အက်ဥပဒေနဲ့ အရေးယူရမှာပါ။သူတို့အနေနဲ့ တရားဝင်ပြန်ဝင်လာချင်တယ်ဆိုရင် သူတို့အနေနဲ့ ပြန်လည် လျှောက်ထားရပါမယ်။သက်ဆိုင်ရာက လိုအပ်တာတွေ ဆောင်ရွက်စိစစ်ပြီး လက်ခံတော့မှ တရားဝင်ပြန်လည်နေ ထိုင်ခွင့်ရမှာပါ။လျှောက်ထားမှုမရှိ၊ခွင့်ပြုထားခြင်းမရှိ၊လက်ခံထားခြင်းမရှိတဲ့အတွက် လဝကဥပဒေ ၁၃/၁နဲ့ အရေးယူလို့ရပါတယ်။”လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်လက်ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဇွန်လ ၇ရက်နေ့ မနက်ပိုင်းအထိစာရင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၃,၀၂၆ဦးရှိပြီး သေဆုံးသူ ၈၄၆ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ ၁၃,၃၂၅ ဦးရှိတယ်လို့ WHO ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
တရားမဝင် ပြန်လည်ဝင်ရောက်လာသူတွေကို ထိန်းသိမ်းနိုင်ရန်အတွက် နယ်ခြားစောင့်တပ်နဲ့ ဆောင်ရွက်နေမှုကို အခုလို ကိုဗစ်ကာလမှာ ပိုမိုလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။