ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အငြင်းပွားဖွယ် အင်တာနက်ဥပဒေတွေအရ နောက်ဆုံး အရေးယူခံရသူတစ်ဦးက အသက် ၁၅ နှစ်သားတစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
(Photo: FreeMalaysiaToday)
ဆိုရှယ်မီဒီယာမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဝေဖန်မှုဖြင့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်ဥပဒေတွေကို သဘောထားကွဲလွဲသူများ အသံတိတ်စေရန် အသုံးချနေကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ၂၀၁၈ ခုနှစ်မှစပြီး ဝန်ကြီးချုပ်ရှိတ်ဟာစီနာနဲ့ အခြား ထိပ်တန်း နိုင်ငံရေးသမားတွေရဲ့ ရုပ်ပုံတွေကို ဖျက်ဆီးမှု အပါအဝင် ရာဇဝတ်ပြစ်မှုများဖြင့် လူဦးရေ ရာနဲ့ချီ စွဲချက်တင်ခံခဲ့ရပါတယ်။ အာဏာရပါတီမှ ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အဆိုပါ ယောက်ျားလေးဟာ ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ဝေဖန်ပြောဆိုခဲ့ကြောင်း တိုင်ကြားခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ် Mohammad Emon ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖမ်းဆီးခဲ့ကြောင်း Bhaluka အရပ်ရှိ ရဲတပ်ဖွဲ့က ဇွန် ၂၄ ရက်မှာ ပြောခဲ့ပါတယ်။
မိုဘိုင်းဖုန်း အခွန်နှုန်းသစ်အဖြစ် ပေးဆောင်ရတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၀၀ (အမေရိကန်ဒေါ်လာ ၁.၂၀) ထဲကနေ ခင်ပွန်းမရှိတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို မုဆိုးမစရိတ်အဖြစ် ခွဲဝေပေးရကြောင်း Mohammad Emon က Facebook မှာ ရေးသားခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ခင်ပွန်းဟာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဆယ်ကျော်သက်ရဲ့ Facebook မှ ကြမ်းတမ်းရေးသားမှုဟာ ဒေသခံတွေကို သွေးထိုးလှုံ့ဆော်မှုဖြစ်ခဲ့ကြောင်းနဲ့ ၎င်းရဲ့ မိဘတွေက အဓိက အတိုက်အခံ Bangladesh Nationalist ကို ထောက်ခံကြသူတွေဖြစ်ကြောင်း တိုင်ကြားချက်ဖွင့်သူ Tofayel Ahammed က ပြောပါတယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Main Uddin ရဲ့ အဆိုအရ Mohammad Emon က နောက်ပိုင်းမှာ ၎င်းရဲ့ အငြင်းပွားဖွယ် Facebook ပို့စ်ကိုဖျက်ခဲ့ပြီး နောက်ထပ် တောင်းပန်ထားတဲ့ ပို့စ်တစ်ခု ရေးသားခဲ့ကြောင်း သိရပါတယ်။
(Photo: Sony Ramany)
လက်ရှိမှာတော့ Mohammad Emon ကို ပြုပြင်ရေးစင်တာသို့ ပို့ဆောင်ထားပြီး ၎င်းရဲ့အမှားကို ဆင်ခြင်သုံးသပ်ကာ အမူအကျင့်ပြုပြင်ရန် နေထိုင်စေမယ်လို့ Main Uddin က ဖြည့်စွက်ပြောပါတယ်။ ယခု ဖမ်းဆီးမှုဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ပြဌာန်းထားတဲ့ Digital Security Act ရဲ့ အန္တရာယ်တွေကို မီးမောင်းထိုးနေကြောင်း Amnesty International လူ့အခွင့်အရေးအုပ်စုက ပြောခဲ့ပါတယ်။
ထိုဥပဒေဟာ အစိုးရနဲ့ တရားဝင် သဘောထားကွဲလွဲသူတွေကို ပြစ်ဒဏ်ချမှတ်ရန် လက်နက်တစ်ခုဖြစ်ကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးကြောင်း Amnesty International ပြောထားပါတယ်။ "အာဏာပိုင်တွေက အစိုးရ သို့မဟုတ် အာဏာရပါတီကို နည်းနည်းလေး ဝေဖန်သူတွေကိုတောင် တိုးမြှင့်ပြီး ပစ်မှတ်ထားလာကြတယ်" လို့ Amnesty International မှ လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်သူ Saad Hammadi က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: Reuters)
လတ်တလော သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ကောလာဟလဖြန့်ဝေမှုဖြင့် လူအများအပြားကို Digital Security Act အရ ဖမ်းဆီးခဲ့ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တည်းမှာပင် အာဏာရပါတီမှ ကျန်းမာရေးဝန်ကြီးဟောင်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့မှုကို ပျက်ရယ်ပြုခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တက္ကသိုလ်ပါမောက္ခတစ်ဦးနဲ့ ကတိကတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။