ဒါကာမှ ဒူဘိုင်းသို့ ပျံသန်းတဲ့လေယာဉ် ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့မှ ဒူဘိုင်းမြို့သို့ ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(Photo: Sidhant/Twitter)

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၄၈ ဦး လိုက်ပါသွားတဲ့ Biman Bangladesh လေကြောင်းလိုင်းမှ BG147 ခရီးသည်တင်လေယာဉ်ဟာ ဒါကာမြို့မှ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၄ ရက်) ပျံသန်းနေစဉ် တစ်ကိုယ်တော် ပြန်ပေးသမားအဖြစ် သံသယရှိရသူက လေယာဉ်ကိုပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။



လေယာဉ်ပြန်ပေးသမားက လေယာဉ်မှူးအခန်းကို ဝင်ရောက်ရန်ကြိုးပမ်းခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြစ်ခဲ့ပြီးနောက် လေယာဉ်ကို ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသရှိ စစ်တကောင်းမြို့ရှိ လေဆိပ်တစ်ခုမှာ ဆင်းသက်စေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဝိုင်းထားလိုက်တယ်လို့ ဆိုပါတယ်။

(Photo: AFP)

လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ကြောင်းနဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်မှ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်လေတပ် အကြီးအတန်းအရာတစ်ဦးက ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ အားလုံးကို အောင်မြင်စွာ ကယ်နိုင်ခဲ့ပါတယ်" လို့ လေတပ်အရာရှိ မိုဖစ်ဒ်က ဆိုပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လေယာဉ်ကို စီးနင်းခဲ့ပြီးနောက် ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်အမျိုးသားကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစောပိုင်းမှာတော့ လေယာဉ်ပြန်ပေးဆွဲသူကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

(Photo: AFP)

လေယာဉ်ပြန်ပေးဆွဲသူက ၎င်းထံမှာ ပစ္စတိုသေနတ်တစ်လက်ရှိကြောင်း ပြောခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့သတင်းတွေအရ ပြန်ပေးသမားက သေနတ်အတုကို ယူဆောင်လာခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းက ဇနီးသည်နဲ့ အဆင်မပြေဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ စကားပြောလိုတာကြောင့် ယခုကဲ့သို့ လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တကောင်းလေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ လေယာဉ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်တပ်နဲ့ အထူးရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ "သူနဲ့ စကားပြောဆိုကြည့်မှုအရတော့ ဒီလူက စိတ်အခြေအနေ ပုံမှန်မဟုတ်တာ တွေ့ရပါတယ်၊ သူ့မှာ ဗုံးတစ်လုံးရှိတယ်လို့လည်း ပြောခဲ့သေးတယ်" လို့ ဘင်္ဂလားဒေ့ရှ် မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ အကြီးအကဲ Nayeem Hasan က ပြောခဲ့ကြောင်း အစောပိုင်းက AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က