ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲနေ့မှာ ပဋိပက္ခတွေပေါ်ပေါက်ခဲ့ပြီး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးမှုနဲ့ပတ်သက်ပြီး မသမာမှုတွေရှိကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နေရာဒေသအချို့မှာ ခိုက်ရန်ဖြစ်ပွား တိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
(ရွေးကောက်ပွဲမှာ မဲပေးရန်တန်းစီနေသူများ) (Photo: Reuters)
ရွေးကောက်ပွဲ မဲပေးမှုနဲ့ပတ်သက်ပြီး မသမာမှုတွေရှိကြောင်း စွပ်စွဲချက်တွေ နိုင်ငံတစ်ဝှမ်းကနေ ကြားခဲ့ရကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်က Reuters သတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အာဏာရ Awami League (AL) ပါတီနဲ့ အတိုက်အခံ Bangladesh Nationalist (BNP) ပါတီတို့မှ တက်ကြွလှုပ်ရှားသူများကြား ထိပ်တိုက်တွေ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေအနက် အာဏာရ AL ပါတီမှ ခုနစ်ဦးနဲ့ အတိုက်အခံ မဟာမိတ်ပါတီတွေမှ ငါးဦးပါဝင်ခဲ့ပါတယ်။ ပဋိပက္ခများအတွင်း အခြား လူ ၂၀ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(လက်ရှိဝန်ကြီးချုပ်ရှိတ်ခ်ဟာစီနာ မဲပေးနေစဉ်) (Photo: Reuters)
ဘင်္ဂလားဒေ့ရှ်မှာ ယနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာအတွက် တတိယမြောက် ရာထူးသက်တမ်းကို ဆက်လက်ဆောင်ရွက်သွားနိုင်ခွင့် ရလာနိုင်ဖွယ်ရှိနေပါတယ်။ သူမရဲ့ အဓိကပြိုင်ဘက်ကတော့ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ကျခံနေရတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်ကာလမှာလည်း အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး အတိုက်အခံတွေကို နှိပ်ကွပ်မှုတွေရှိခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲအတွင်း ခိုက်ရန်ဖြစ် တိုက်ခိုက်မှုတွေကို တားဆီးရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀,၀၀၀ ခန့်ကို ဖြန့်ကျက်ချထားခဲ့တယ်လို့လည်း သိရပါတယ်။
(ရွေးကောက်ပွဲနေ့ လုံခြုံရေးစောင့်ကြပ်နေသည့် တပ်ဖွဲ့ဝင်အချို့) (Photo: Reuters)
ဒါ့အပြင် ဆူပူမှုဖြစ်ပေါ်စေနိုင်တဲ့ ကောလာဟလများ အွန်လိုင်းမှာပျံ့နှံ့မှုကို တားဆီးရန်အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မဲပေးမှုတွေမပြီးဆုံးခင်အထိ နိုင်ငံတစ်ဝှမ်း အင်တာနက်အမြန်နှုန်းတွေ လျှော့ချထားရန်လည်း ညွှန်ကြားထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ မဲပေးချိန်ပြီးဆုံးကာ မဲရုံများပိတ်လိုက်ပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ AL ပါတီက ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့ပါတယ်။ သူမရဲ့ ကာလရှည်ကြာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခလီဒါဇိုင်းကတော့ ယခုနှစ်အစောပိုင်းမှာ အဂတိလိုက်စားမှု စွဲချက်များဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရကြောင်း သိရပါတယ်။
(ထောင်ဒဏ်ကျခံနေရသည့် ခလီဒါဇိုင်း) (Photo: PTI)
အဂတိလိုက်စားမှုစွဲချက်များဖြင့် သူမကို ထောင်ချခဲ့ခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ခလီဒါဇိုင်းက ပြောထားပါတယ်။ ခလီဒါဇိုင်းရဲ့ BNP ပါတီက ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ယနေ့ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲဟာ ၁၀ နှစ်အတွင်း အဓိကပါတီကြီးများအားလုံး ဝင်ရောက်ယှဉ်ပြိုင်မှုလည်း ဖြစ်လာခဲ့ပါတယ်။
ထပ်မံသိရတဲ့သတင်းအရ ဝန်ကြီးချုပ်ရှိတ်ခ်ဟာစီနာရဲ့ အာဏာရ AL ပါတီက ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ အတိုက်အခံတွေကတော့ မဲပေးရာမှာ မသမာမှုတွေရှိခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးရန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။