သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ လူနေတိုက်ခန်းတွဲနဲ့ ဓာတုဗေဒပစ္စည်း သိုလှောင်ရုံအဖြစ်ပါ အသုံးပြုနေတဲ့ အဆောက်အအုံတစ်ခုမှာ ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

ဒါကာမြို့ရဲ့ မြို့ဟောင်းဘက်ခြမ်းမှာ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) ည ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်းက မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ကျဉ်းမြောင်းတဲ့လမ်းများနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် မီးလောင်မှုဖြစ်တဲ့ ဧရိယာအတွင်းရှိ အခြား အဆောက်အအုံမှာ နေထိုင်ကြသူတွေလည်း ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခု မီးလောင်မှုဖြစ်တဲ့ နေရာအနီးတဝိုက်မှာ ဓာတုဗေဒပစ္စည်းများ အပါအဝင် မီးလောင်လွယ်တဲ့ ပစ္စည်းများရောင်းချတဲ့ စတိုးဆိုင်းတွေ ရှိနေကြောင်း သိရပါတယ်။



(Photo: Reuters)

မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနအကြီးအကဲ အလီအာမက်က ယနေ့မနက် အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ ဒါကာမြို့ဟောင်းဘက်ခြမ်းရှိ Chawkbazar မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ဂက်စ်အိုးတစ်ခုကနေ စတင်ခဲ့ပုံရပြီး ဓာတုဗေဒပစ္စည်းများ သိုလှောင်ထားတဲ့ အဆောက်အအုံကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

(Photo: Reuters)

"သေဆုံးသူဦးရေက မြင့်တက်လာနိုင်သေးတယ်၊ ရှာဖွေရေးတွေ လုပ်နေကြတုန်းပဲ၊ မီးလောင်တဲ့အချိန်မှာ ကားတွေပိတ်နေတော့ လူတွေ အဲဒီနေရာကနေ ထွက်ပြေးလို့မရဖြစ်နေခဲ့တယ်" လို့ မီးသတ်ဌာနအကြီးအကဲက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ မီးလောင်မှုဟာ ကော်စေ့နဲ့ ဘော်ဒီစပရေး အပါအဝင် ဓာတုဗေဒပစ္စည်းတွေ သိုလှောင်ထားတဲ့ ကပ်လျက် အဆောက်အအုံတွေကိုလည်း ကူးစက်သွားခဲ့ပါတယ်။

(Photo: Dhaka Tribune)

မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ မီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံအနီးမှာ ကျင်းပနေတဲ့ မင်္ဂလာပွဲနေရာတစ်ခုကိုလည်း မီးကူးစက်လောင်ခဲ့ကြောင်းနဲ့ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဒါကာမြို့ရဲ့ မြို့ဟောင်းဘက်ခြမ်းမှာ ၂၀၁၀ ခုနှစ်ကလည်း ဓာတုဗေဒပစ္စည်း သိုလှောင်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၂၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က