ဆိုရှယ်မီဒီယာမှာ သွေးအလှူရှင် လိုအပ်ကြောင်း အကူအညီတောင်းခံမှုများစွာ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားမှု အဆိုးဆုံး အခြေအနေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၂၉ ရက်) ပြောပါတယ်။

(Photo: Bigstock)

ဘင်္ဂလားဒေ့ရှ် ဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်နေရသူတွေ အဆမတန် များပြားနေပြီး ဆိုရှယ်မီဒီယာမှာ သွေးအလှူရှင် လိုအပ်ကြောင်း အကူအညီတောင်းခံမှုများစွာ ရှိနေတယ်လို့သိရပါတယ်။



ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၃,၆၃၇ ဦးရှိခဲ့ပြီး ရှစ်ဦးသေဆုံးခဲ့ပါတယ်။

ရာဂါဖြစ်ပွားသူတွေအနက် ကလေးအများစု အပါအဝင် လူဦးရေ ၁,၁၀၀ နီးပါးမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေကြောင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း တရားဝင် စာရင်းတွေအရ သိရှိရပါတယ်။

(Photo: Munir Uz Zaman/AFP)

"အခုနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေမှုဟာ ပြီးခဲ့တဲ့ နှစ် ၂၀ နီးပါးကစပြီး သွေးလွန်တုပ်ကွေးလူနာ အရေအတွက်ကို မှတ်တမ်းတင်ခဲ့ချိန်နောက်ပိုင်း အများဆုံးဖြစ်လာတယ်" လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Ayesha Akter က AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အဆိုးဆုံးဖြစ်နေပြီး ရောဂါပိုးသယ်ဆောင်တဲ့ အေဒီးစ် (Aedes) ခြင်တွေကို ဆေးဖြန်းနှိမ်နင်းမှုတွေ လုပ်ဆောင်နေရပါတယ်။ သွေးလွန်တုပ်ကွေးဟာ တုပ်ကွေးရောဂါလက္ခဏာများနဲ့ ဆင်တူပြီး ပြင်းထန်ပါက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး သို့မဟုတ် ကုသရန်အတွက် သီးခြား ဆေးဝါးမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organisation - WHO) က ပြောထားပါတယ်။

(Photo: EPA-EFE)

ဒါကာမြို့ရှိ အဓိက ဆေးရုံများသို့ သွားရောက်ကြည့်ရှုခဲ့တဲ့ AFP သတင်းထောက်ရဲ့ အဆိုအရ ဆေးရုံကြမ်းပြင်နဲ့ လျှောက်လမ်းနေရာတွေမှာ ကုသမှုခံရယူရန် စောင့်ဆိုင်းနေတဲ့ လူနာတွေကို တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး ဆေးရုံဖြစ်တဲ့ Dhaka Medical College Hospital (DMCH) မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လူနာ ၁,၈၅၈ ဦးအထိ ယခုလအတွင်း ကုသပေးခဲ့ရကြောင်း ဆေးရုံညွန်ကြားရေးမှူး AKM Nasir Uddin က ပြောပါတယ်။ "သွေးလွန်တုပ်ကွေး လူနာတွေအတွက် အထူးကုသမှုနေရာတစ်ခု ဖွင့်လှစ်ထားပါတယ်" လို့ ၎င်းက AFP ကို ပြောပါတယ်။

ဒါကာမြို့ရှိ Mitford ဆေးရုံမှ ကျန်းမာရေးအရာရှိတစ်ဦးကလည်း "ကျွန်တော်တို့ ဆေးရုံမှာ လူနာတွေပြည့်နေပြီ၊ လူနာနဲ့ ဆေးဘက်ဝန်ထမ်း မမျှတော့ဘူး၊ စီမံခန့်ခွဲဖို့ အတော်ရုန်းကန်နေရတယ်၊ ဆရာဝန်တွေလည်း လူနာတွေများလို့ အချိန်ပိုဆင်းနေရတယ်" လို့ ပြောခဲ့ပါတယ်။ သွေးဘဏ်တွေဟာလည်း သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်ဖြစ်ပွားသူတွေအတွက် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရပြီး Facebook ကဲ့သို့ ဆိုရှယ်မီဒီယာမှာ သွေးအလှူရှင် လိုအပ်နေကြောင်း အကူအညီတောင်းခံမှုတွေ အများအပြားရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေး

မြန်မာနိုင်ငံမှာလည်း ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ၂၉ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်လူနာ ၅,၇၁၇ ဦးရှိခဲ့ပြီး ၂၀ ဦး သေဆုံးတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဖြစ် ပွားမှုအများ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ ဇူလိုင်လလယ်ပိုင်းအထိ သွေးလွန်တုပ်ရောဂါ ဖြစ်ပွားသူ ၁,၂၆၀ ဦးရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ ၂၀၁၇ ခုနှစ်ကလောက် မများသေးဘူးလို့လည်း ၎င်းကဆိုပါတယ်။

(Photo: Ministry of Health and Sports)

သေဆုံးသူအများစုမှာ အသက် ၅ နှစ်မှ ၉ နှစ်အရွယ်များဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် တစ်ဦးလည်းပါဝင်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအနက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ရွှေပြည်သာ၊ သန်လျင်၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ တောင်ဒဂုံမြို့နယ်များမှာလည်း ဖြစ်ပွားမှုများပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၃,၂၇၃ ဦးရှိခဲ့ပြီး ၁၁၂ ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၀၁၈ ခုနှစ်မှာ ၃,၆၄၉ ဦးရှိပြီး ၂၅ ဦး သေဆုံးခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ ၇,၄၉၀ ဦး ဖြစ်ပွားခဲ့ပြီး ၆၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က