ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအားကောင်းနေပြီးတော့ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လေဖိအားနည်းရပ်ဝန်းမြင်ကွင်းပြပုံ
“ မုန်တိုင်းငယ်အဖြစ်သတ်မှတ်တာကတော့ ၃၂ မိုင်ကနေ ကျော်ရင်တော့ မုန်တိုင်းငယ်အဖြစ် သတ်မှတ်ထားပါတယ်။ အခုက လေဖိအားနည်းရပ်ဝန်းက အားကောင်းနေပြီးတော့ ကမ်းနားကို ကပ်နေတဲ့အနေအထားမှာရှိပါတယ်။ နည်းနည်းစောင့်ကြည့်နေရတဲ့အနေအထားပါ။မုန်တိုင်းငယ်အဖြစ်ဝင်ရင်တော့ အိန္ဒိယကို ဝင်မှာပါ။ ပြင်းအားက ပုံမှန်ရှိနေပါတယ်” လို့ Duwun ကိုပြောပါတယ်။
လက်ရှိမှာ မုတ်သုန်လေအားကောင်းနေတာကြောင့် ရခိုင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းတာ နဲ့ လေပြင်းတိုက်ခတ်တာတွေကို သတိပြုဖို့ လိုတယ်ဆိုပြီးတော့ ပြောပါတယ်။
ဇူလိုင်လအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေမှုမြင်ကွင်း
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းက သြဂုတ်လ တတိယပါတ်အတွင်းမှာစတင်ဖြစ်ပေါ်နေတယ်လို့လည်းပြောပါတယ်။
ရခိုင်၊မွန်၊ကရင်ပြည်နယ်နဲ့ တနသာၤရီ တိုင်းတို့မှာ မိုးသည်းစွာရွာသွန်းနိုင်တယ်ဆိုပြီးတော့ မိုးဇလက သတိပေးထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြစ်ကြီးတွေမှာ မြစ်ရေမြင့်တက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီးတော့ ရေဘေးအန္တရာယ်ကို ခံစားနေရတာလည်းဖြစ်ပါတယ်။
သံလွင်မြစ်ရေကလည်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာကျော်လွန်နေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါသေးတယ်။