သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုမရှိအောင်ကောင်းစွာကိုယ်တွယ်နိုင်ဖို့ လိုပါတယ်။

ဂွမြို့နယ်နဲ့ မာန်အောင်ကျွန်းမှာရှိတဲ့ မပျက်စီးသေးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့ ကမ်းခြေတွေကို သဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေပြုနေရာတွေအဖြစ် ပြောင်းလဲသင့်ပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office



ဒေါ်အောင်ဆန်းစုကြည်က သံတွဲမြို့နယ် ငပလီကမ်းခြေမှာ ေဖေဖာ်ဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲမှာ မိန့်ခွန်းပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့တာပါ။

“အလားအလာကောင်းရှိတဲ့ အခြားလုပ်ငန်းတစ်ခုကတော့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ဂွမြို့နယ်နှင့် မာန်အောင်ကျွန်းမှာရှိတဲ့ မပျက်စီးသေးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့ ကမ်းခြေများကလည်း သဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေပြုနေရာတွေအဖြစ် ပြောင်းလဲရန် အချိန်အခါသင့်ပြီဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှု အမွေအနှစ်တွေ ထုတ်ဖော်ရာမှာ မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသတစ်ခု အဖြစ် အမည်စာရင်းသတ်မှတ်ခံရရန် ဆောင်ရွက်လျှက်ရှိပါတယ်။ မြောက်ဦးဒေသဟာ လူသိနည်းပြီး ရှေးရခိုင်မင်းတွေရဲ့ ရင်သပ်ရှုမောဖွယ်ရာ အလှတရားတွေနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေနဲ့ အသေးစိတ်ထုံမွမ်းထားသော ကမ္ဘာမှာ ဖော်ထုတ်ဖို့ ကျန်နေသေးတဲ့ ဘာသာရေးဆိုင်ရာ ဒေသကြီးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Photo- Myanmar State Counsellor Office

အခုလို ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ခြင်းအားဖြင့် ရခိုင်မင်းတွေရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ ထွန်းကားခံ့ညားထည်ဝါမှု ပြယုဂ်ကို ပြင်ပကမ္ဘာမှာ ပိုမိုသိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

စီးပွားရေးဝန်းကျင်တစ်ခုဖြစ်လာဖို့ အိမ်ခြံမြေ၊ အခြေခံအဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် အလားအလာကောင်းတဲ့ ကဏ္ဍတွေ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ရခိုင်ပြည်နယ်ရဲ့ အလားအလာကောင်းတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များမှ စီးပွားဖြစ် ထုတ်လုပ်မှုတွေကို လာမယ့်နှစ်တွေမှာ စတင်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ရာမှာ ထိခိုက်ပျက်စီးလွယ်တဲ့သဘာဝပတ်ဝန်းကျင်ကို ထပ်ပြီး ထိခိုက်မှုမရှိအောင် ကောင်းစွာ ကိုင်တွယ်နိုင်ဖို့ လိုပြီး ဒီရေတောနဲ့ သဘာဝအရင်းအမြစ် ဆုံးရှုံးစေတဲ့ တရားမဝင် ငါးဖမ်းလုပ်ငန်းတွေကို ရှေုာင်ကြည်နိုင်ဖို့ မျှော်လင့်မိပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က