မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ဟာ အသက်အငယ်ဆုံးနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တဲ့ကစားသမားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တယ်လို့ 101greatgoals ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖီးလ်ဖိုဒန်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့်လည်း မန်ချက်စတာစီးတီးပထမအသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီအတွင်း ၂၆ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ အက်ဖ်အေဖလား ၃ လုံးစလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး အင်္ဂလန်ပြည်တွင်းဖလား ၃ လုံးစလုံးကို တစ်ရာသီအတွင်း ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဖီးလ်ဖိုဒန်ဟာ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ် ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပြီးနောက် ဂင်းနစ်ကမ္ဘာ့စံချိန်ရှင်ဖြစ်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဖီးလ်ဖိုဒန်ဟာ ပရီးမီးယားလိဂ်ဖလားကို အသက်အငယ်ဆုံးနဲ့ ရရှိခဲ့တဲ့ကစားသမားအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဒီဆုရလို့ အရမ်းကို ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို လာမပြောမချင်း ကျွန်တော် တကယ်ကို မသိခဲ့ပါဘူး။ အသိအမှတ်ပြုခံခဲ့ရတာ အရမ်းကောင်းပြီး ကျွန်တော် ကမ္ဘာ့စံချိန်ရခဲ့တယ်လို့ ပြောရတာ အရမ်းမိုက်ပါတယ်”လို့ ဂင်းနစ်ကမ္ဘာ့စံချိန်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။