ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သူ ဂျပန်အမျိုးသား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်နီးပါးကမှ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အသက် ၁၁၂ နှစ်အရွယ် ဂျပန်အမျိုးသား ကွယ်လွန်သွားခဲ့ပြီလို့ ဂျပန်တာဝန်ရှိသူတွေက နေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) ပြောပါတယ်။

(ဝါတာနာဘေးကို ဂင်းနစ်စံချိန်တင်လက်မှတ် ပေးအပ်ခဲ့စဥ်) (Photo: Guinness World Records)

ချီတက်ဆုဝါတာနာဘေး (Chitetsu Watanabe) အမည်ရှိ အဆိုပါ ဂျပန်အမျိုးသားဟာ ၁၉၀၇ ခုနှစ် မတ်လ ၅ ရက်နေ့က တိုကျိုမြို့မြောက်ဘက် နီဂါတာမြို့ (Niigata) မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဝါတာနာဘေးကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်များအဖွဲ့အစည်း (Guinness World Records) က တရားဝင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ 



နီဂါတာမြို့ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာမှာ တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) က ကွယ်လွန်သွားတဲ့ ဝါတာနာဘေးမှာ သားသမီးငါးဦး ရှိခဲ့ပါတယ်။ အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ဒေါသမထွက်ဘဲနဲ့ ပြုံးနေခြင်းဖြစ်တယ်လို့ ဝါတာနာဘေးက ပြောပါတယ်။ ဝါတာနာဘေးက အချိုကြိုက်သူတစ်ဦးဖြစ်ပြီး ကြက်ဥပူတင်းပေါင်းနဲ့ ရေခဲမုန့်ကဲ့သို့ အစားအစာတွေကို နှစ်သက်သူဖြစ်ပါတယ်။

(ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဝါတာနာဘေး) (Photo: Guinness World Records)

ဝါတာနာဘေး ကွယ်လွန်သွားခဲ့ပြီးနောက် ဂျပန်မှာ အသက်အကြီးဆုံး အမျိုးသားဟာ အသက် ၁၁၀ နှစ်အရွယ် အစ်ဆာကူတိုမို (Issaku Tomoe) ဖြစ်လာကြောင်း Jiji Press သတင်းက ပြောပါတယ်။ သို့သော် တိုမိုဟာ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားဖြစ် မဖြစ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဟာလည်း ဂျပန်လူမျိုး အသက် ၁၁၇ နှစ်အရွယ် ကာနီတာနာကာ အမည်ရှိ အမျိုးသမီးဖြစ်ပါတယ်။ ဂျပန်ဟာ လူ့သက်တမ်းအရှည်ဆုံး ကမ္ဘာ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အသက်အကြီးဆုံး လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရသူတွေအနက် ဂျပန်လူမျိုးတွေ ပါဝင်နေခဲ့ပါတယ်။

(ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အမျိုးသမီး ကာနီတာနာကာ) (Photo: Guinness World Records)

၎င်းတို့အနက် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် စံချိန်တင်ခဲ့တဲ့ ဂျီရိုမွန်ကီမူရာလည်း ပါဝင်ခဲ့ပြီး ၎င်းဟာ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ပြီးနောက် မကြာမီ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ကွယ်လွန်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သူကတော့ ပြင်သစ်နိုင်ငံမှ အသက် ၁၂၂ နှစ်အရွယ် Jeanne Louise Calment ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

Source: AFP, Guinness World Records

Share

Loading Next Article...
က္က