ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား နီပေါနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့မိသားစုက ပြောပါတယ်။
(ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ခါဂျင်ဒရာ) (Photo: AFP)
အရပ်အမြင့် ၂ ပေ ၂.၄၁ လက်မမျှသာရှိပြီး လမ်းလျှောက်သွားလာနိုင်တဲ့ ခါဂျင်ဒရာသာပါမာဂါ အမည်ရှိ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားဟာ နီပေါမြို့တော် ခတ္တမန္ဒူမြို့မှ မှ ၁၂၄ မိုင်အကွာ ပေါ့ခ်ဟာရာမြို့ရှိ ဆေးရုံတစ်ရုံမှာ ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) က အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။
၎င်းဟာ ပေါ့ခ်ဟာရာမြို့မှာ မိဘများနဲ့အတူ နေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ "သူက အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်လိုက် ဆင်းလိုက်ပဲ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့နှလုံးကပါ မကောင်းဘူးဖြစ်ခဲ့တယ်၊ သူ ဒီနေ့ ကွယ်လွန်သွားပါတယ်" လို့ ခါဂျင်ဒရာနဲ့ ညီအစ်ကိုတော်စပ်သူ မာဟက်ရှ်သာပါမာဂါက AFP သတင်းဌာနကို ယမန်နေ့က ပြောပါတယ်။
(ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ခါဂျင်ဒရာ) (Photo: Guinness World Records)
ကွယ်လွန်ချိန်မှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ခါဂျင်ဒရာဟာ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ၂၀၁၀ ပြည့်နှစ်အတွင်း ၎င်းရဲ့ ၁၈ နှစ်ပြည့် မွေးနေ့ပြီးနောက် တရားဝင် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ထိုစဥ်က ဓာတ်ပုံများမှာတွေ့ရတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင် အသိအမှတ်ပြုလက်မှတ်ဟာ ခါဂျင်ဒရာထက် အနည်းငယ်မျှသာ ပိုသေးငယ်တာလည်း ဖြစ်ပါတယ်။ ထို့နောက် နီပေါနိုင်ငံမှပင် အရပ်အမြင့် ၁.၈ ပေမျှသာရှိတဲ့ ချန်ဒရာဘဟာဒူးရ်ဒန်ဂီကို ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် ခါဂျင်ဒရာဟာ အရပ်အပုဆုံး အမျိုးသားမဟုတ်တော့ဘဲ ဂင်းနစ်စံချိန်လွှဲပြောင်းပေးခဲ့ရပါတယ်။
(၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့သည့် ချန်ဒရာဘဟာဒူးရ်) (Photo: Inquisitr)
"သူ့ကိုမွေးတုန်းက တစ်ကယ့် သေးသေးလေးပေါ့၊ လက်ဖဝါးပေါ်မှာတောင် တင်ထားလို့ရတယ်လေ၊ သူက အရမ်းသေးနေတော့ ရေချိုးပေးရတာ အရမ်းခက်ခဲခဲ့တယ်" လို့ ချန်ဒရာဘဟာဒူးရ်ရဲ့ ဖခင်ဖြစ်သူ ရော့ပ်ဘဟာဒူးရ်က ပြောခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း (Guinness World Records) က ဖော်ပြထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ချန်ဒရာဘဟာဒူးရ် ကွယ်လွန်သွားခဲ့ရာ ခါဂျင်ဒရာက ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ပြန်ဖြစ်လာခဲ့ပါတယ်။ ယခု ကွယ်လွန်သွားတဲ့ ခါဂျင်ဒရာဟာ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ကို ခရီးသွားလာခဲ့ပြီး ဥရောပနဲ့ အမေရိကန်မှာ ထုတ်လွှင့်ပြသတဲ့ ရုပ်မြင်သံကြားအစီအစဥ်တွေမှာ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
(ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ခါဂျင်ဒရာ) (Photo: AFP)
"နီပေါကနေ ခါဂျင်ဒရာ မရှိတော့ဘူးဆိုတဲ့သတင်း ကြားသိရတော့ ကျွန်တော်တို့ အရမ်းဝမ်းနည်းရပါတယ်" လို့ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ အယ်ဒီတာချုပ် ခရိတ်ဂျ်ဂလန်ဒေးက ပြောပါတယ်။ ယခုအခါ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် အရပ်အမြင့် ၂ ပေမျှသာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှ Junrey Balawing ဆိုသူ ရှိနေသေးပေမဲ့ ၎င်းဟာ ခါဂျင်ဒရာကဲ့သို့ လမ်းလျှောက်သွားလာနိုင်ခြင်း သို့မဟုတ် အကူအညီမပါဘဲ မတ်တပ်ရပ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
.