ချဲလ်ဆီးမှာ ဂန္တဝင်ကစားသမားဟောင်းလည်းဖြစ်ခဲ့၊ အသင်းရဲ့နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးတဲ့ လမ်းပတ်အတွက် ချဲလ်ဆီးရဲ့ မေတ္တာလက်ဆောင်ဖြစ်ခဲ့ပါတယ်။ ပုံမှန်အတိုင်းသာဆိုရင် လမ်းပတ်ရဲ့အသင်းက တန်းဆင်းဖို့ တော်တော်လေး နီးစပ်နေပါပြီ။
ဒါပေမယ့် ဒီကနေ့ည နိုင်ပွဲက သူတို့အတွက် ဝိုးတဝါးမျှော်လင့်ချက်ကို နည်းနည်းလေး ပိုမို အားကောင်းစေခဲ့ပါတယ်။ ချဲလ်ဆီးအတွက်က အမှတ်မလိုတာကို ဝက်စ်ဟမ်းနဲ့ပွဲတည်းက မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်၊ အခု အဲဗာတန်တို့နဲ့ပွဲမှာ အမှတ်တွေ ဆက်တိုက်လှူခဲ့ပါတယ်။ ကစားပုံအရလည်း ချဲလ်ဆီးက သာမန်လို့ပဲဆိုရမှာပါ။
ဒီရာသီမှာ သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်က လီဗာပူးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲဖြစ်ပြီး အဲ့ဒီပွဲမှာ လီဗာပူးကို ကာရာဘောင်ဖလားဗိုလ်လုပွဲ ရှုံးကြွေး လက်စားချေဖို့ပဲ ဆန္ဒပြင်းပြနေမှာပါ။ နှစ်သင်းလုံးက လူစုံနီးပါးပဲ ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီးရဲ့ လူအင်အားကတော့ ဘယ်လိုပဲကြည့်ကြည့် အဲဗာတန်ထက် အပုံကြီးသာပါတယ်။
ဒါပေမယ့် သေရေးရှင်ရေးဖြစ်နေတဲ့ အဲဗာတန်က ချဲလ်ဆီးထက် အများကြီး နိုင်လိုစိတ်အပြည့်နဲ့ ကစားခဲ့ပြီး ချဲလ်ဆီးလည်း ဒုက္ခရောက်ခဲ့ပါတယ်။ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြခဲ့တာတွေကို အသိအမှတ်ပြုရမှာဖြစ်သလို အဲဗာတန်တို့ တဂိုးဂိုးရပြီးပြီးချင် နောက်တဂိုးထပ်မရခဲ့တာလည်း နစ်နာခဲ့ပါတယ်။
အဲဗာတန်အတွက် တလုံးတည်းသောသွင်းဂိုးကိုတော့ ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွီတာရဲ့ အမှားကတဆင့် ရစ်ချာလီဆန်က သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာရရှိခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ လုံလုံလောက်လောက် မဖန်တီးနိုင်ခဲ့တာကြောင့် နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပါတယ်။
အဲဗာတန်ကတော့ ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် (၁၇) နေရာက လိဒ်စ်ထက် (၁) ပွဲလျော့ (၂) မှတ် အကွာ အနေအထားနဲ့ အဆင့် (၁၈) မှာ ရပ်တည်နေဆဲဖြစ်တာကြောင့် လက်ကျန်ပွဲတွေမှာလည်း နိုင်ပွဲတွေ သေချာပေါက်ရရှိအောင် ဆက်လက်ကြိုးစားရမှာဖြစ်ပါတယ်။