ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ (၃) ပွဲကစား၊ သွင်းဂိုး (၄) ဂိုး သွင်းယူပေးထားပြီးဖြစ်တဲ့ ကစားသမားပါ။ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဒီဂီယာက “ရော်နယ်ဒို အသင်းကိုပြန်ရောက်လာလို့ အကျိုးသက်ရောက်မှုတွေရှိနေပါပြီ။ သူ့အိမ်ကို အခုလိုပြန်လာတာ အံ့အားသင့်စရာပါ။”
“သူက အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ပြီး လူငယ်ကစားသမားတွေရော၊ အသင်းမှာရှိတဲ့ လူတိုင်းအတွက်ရော သူဘယ်လိုလေ့ကျင့်တယ်၊ သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်တယ်ဆိုတာတွေကို မြင်တွေ့ခွင့်ရနေပါပြီ။ သူက အံ့အားသင့်စရာ ကစားသမားဖြစ်ပြီး နေ့တိုင်းနေ့တိုင်း အလုပ်ကြိုးစားနေတဲ့သူကို မြင်ရတာ၊ အသင်းကိုကူညီနေတဲ့သူ့ကို မြင်ရတာ ကျေနပ်ရပါတယ်။” လို့ဆိုပါတယ်။
“ကျွန်တော်တို့ ဒီကစားသမားတွေနဲ့အတူ ဆုဖလားကြီးတွေကို တိုက်ပွဲဝင်ချင်ပါတယ်။ ပရီးမီးယားလိဂ်အတွက်၊ ချန်ပီယံလိဂ်အတွက် အရာရာတိုင်းအတွက်ပေါ့။ ပရိသတ်တွေကလည်း ကျွန်တော်တို့နဲ့အတူရှိနေပြီး ဒါက အံ့အားသင့်စရာကောင်းပါတယ်။ ကျွန်တော်ထင်ပါတယ်။ အသင်းက ကောင်းမွန်တဲ့ အမှတ်တစ်ခုကို ရောက်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်မှာ ဝက်စ်ဟမ်းကိုရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာလည်း ယန်းဘွိုင်းစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ အဆင့် (၁) နဲ့ (၂) က ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၃) မှာ ရပ်တည်နေပြီး ဒီဂီယာပြောသလိုပဲ ယူနိုက်တက်တို့ အဓိကဆုဖလားကြီးတွေကို စိန်ခေါ်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။